၃. ၂. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော် ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းရှင်များ ပြည်တွင်းပြည်ပ ဈေးကွက်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါပြပွဲနှင့်အတူ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာ အစိုးရဌာနများက သတင်းအချက်အလက်များ မျှဝေပေးမည့်အစီအစဉ်များပါဝင်ကြောင်း သိရသည်။
“ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart၊ AERON၊ Makro၊ G & G စတဲ့ ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင် တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်။” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောကြားသည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ပြပွဲမှတစ်ဆင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့်လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကား ရောင်းချသူများနှင့် အချင်းချင်း ချိတ်ဆက်နိုင်မည့်လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အချိတ်အဆက်များရရှိစေရန် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာန ၉ ခုမှ MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းရှင်များ ပြည်ပ ဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသနိုင်ရေးနှင့် Online E-Commerce Platform မှတစ်ဆင့် MSME ထုတ်ကုန်များကို နိုင်ငံတကာဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


ထို့ပြင် ပြပွဲအတွင်း ပြည်ပဈေးကွက် ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းရှင်များ ပြည်ပသို့ တင်ပို့မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေ ရရှိရေး၊ စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်၍ အသိပညာမျှဝေပေးနိုင်ရန်အတွက် လည်းကောင်း၊ ရင်းနှီးမတည်ငွေရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်များမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရန် အတွက်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
