သက်တံ့
၃. ၂. ၂၀၂၆
အာဆီယံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန် ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ရန် အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကီယို (Sihasak Phuangketkeow) က ယမန်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများအပြီး နောက်ဆုံးအခြေအနေကို သုံးသပ်ရန်နှင့် မြန်မာအစိုးရအာဏာပိုင်များအပြင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံမည့် နည်းလမ်းများကို ဆွေးနွေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများ (Scams) တိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် နှစ်နိုင်ငံမျှဝေသုံးစွဲနေသည့် မြစ်ချောင်းစနစ်များကို ထိခိုက်စေသော ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မြန်မာ့ပဋိပက္ခကြောင့် ရပ်တန့်နေသည့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းရန် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ တင်းမာမှုများကို လျှော့ချရန်၊ တည်ငြိမ်မှုပြန်လည်ရရှိစေရန်နှင့် မြန်မာ့အရေးအခင်းအပေါ် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်စပ်ချင်း ထိစပ်နေသည့်အတွက် ထိုင်းနိုင်ငံ၏ နယ်စပ်အကျိုးစီးပွားကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကူညီရန်အတွက် တက်ကြွသောကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်မှာ ရှောင်လွှဲ၍မရကြောင်းလည်း မစ္စတာ ဆီဟာဆက်က ပြောကြားခဲ့သည်။
ရလဒ်အနေဖြင့် အစည်းအဝေးတွင် မြန်မာအစိုးရနှင့် အခြားသော သက်ဆိုင်သူများ (Stakeholders) အားလုံးနှင့် ထိတွေ့ဆက်ဆံမှုကို အဆင့်ဆင့် မြှင့်တင်သွားရန် သဘောတူညီခဲ့ကြသည်။ အကယ်၍ မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများ အောင်မြင်ပါက ဤကိစ္စကို အာဆီယံအဆင့်အထိ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတွင် ထိုင်းနိုင်ငံ၌ ခိုင်မာသော စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးစီးပွားများ ရှိနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုဆီသို့ ဦးတည်သွားနိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။
ထုတ်ပြန်ပြီးစီးထားသော ရွေးကောက်ပွဲရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်သူ့လွှတ်တော်တွင် ၂၆၃ နေရာအနက် ၂၃၂ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ယခုအချိန်အထိ ကြေညာထားသော ၁၅၇ နေရာအနက် ၁၀၉ နေရာအထိ အနိုင်ရရှိကာ အသာစီးရနေကြောင်း တွေ့ရှိရသည်။
လုံခြုံရေးနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပနိတန် ဝတ္တနာယာဂွန် (Panitan Wattanayagorn) ကမူ ထိုင်းနိုင်ငံအနေဖြင့် ဆွေးနွေးပွဲများ ဖြစ်မြောက်စေရန်အတွက် ကြားနေပွဲစားအဖြစ် ပိုမိုတက်ကြွစွာ ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့သော “၂၀၂၆ ခုနှစ် မြန်မာ့စီးပွားရေးကို အဖြေရှာခြင်း” ဖိုရမ်တွင် ၎င်းက ပြောကြားရာ၌ မြန်မာနိုင်ငံသည် လုံခြုံရေး၊ လုပ်သားအင်အားနှင့် စီးပွားရေးဆက်နွှယ်မှုများအရ ထိုင်းနိုင်ငံအတွက် မဟာဗျူဟာကျသော နေရာတစ်ခုဖြစ်ကြောင်း၊ အင်အားကြီးနိုင်ငံများ မြန်မာ့အရေးတွင် ပိုမိုပါဝင်လာချိန်၌ ထိုင်းနိုင်ငံအနေဖြင့် အစွန်အဖျားမှ ကြည့်နေရုံဖြင့် မရတော့ကြောင်း ပြောဆိုခဲ့သည်။
“တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ထိုင်းနဲ့ မြန်မာကြားက ရှည်လျားတဲ့ နယ်စပ်မျဉ်းဟာ မဟာဗျူဟာမြောက် ဝန်ထုပ်ဝန်ပိုးတစ်ခုကနေ စီးပွားရေးအခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
Asia Insight Technology မှ Thannicha Lermtong ကလည်း မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် “ပဋိပက္ခကြောင့် ပင်ပန်းနွမ်းနယ်မှု” (Conflict fatigue) များပြားလာခြင်းသည် ဆွေးနွေးမှုများအတွက် လမ်းစများ ပိုမိုပွင့်လာစေကြောင်း သုံးသပ်ခဲ့သည်။ ထို့ပြင် ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံခြင်းဖြင့် ထိုင်းနှင့် မြန်မာတို့သည် ဒေသတွင်းအတွက် စီးပွားရေးတံတားတစ်ခုအဖြစ် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
