နေမိုး
၃. ၂. ၂၀၂၆
ရေတာရှည် PDF များက အမျိုးသားတစ်ဦးအား ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီးကာ ကားတစ်စီးပါ လုယက်သွားမှု ရေတာရှည်မြို့နယ်၊ ထုံးကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ ရေတာရှည် PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာနေ ဦးဇော်ထက်(၃၆)နှစ်နှင့် ဥယျာဉ်မှူးကျေးရွာနေ ကိုဇင်ကိုဝင်း(၂၄)နှစ်တို့သည် ဥယျာဉ်မှူးကျေးရွာနေ ဦးမင်းမင်း(၃၈)နှစ် ပိုင်ဆိုင်သည့် FAW မော်တော်ယာဉ်ဖြင့် ပဲခူးရိုးမအတွင်းသို့ ဝါးများသယ်ယူရန် သွားရောက်စဉ် ထုံးကြီးကျေးရွာအနီး အရောက်၌ PDF ငါးဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပိုင်ရှင်ဖြစ်သူအား ဖုန်းဆက်ခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးမင်းမင်းနှင့် ကြို့ပင်ထိုက်ကျေးရွာနေ ဦးကျော်ခိုင်(၄၆)နှစ်တို့ နှစ်ဦးမှ မော်တော်ယာဉ်ရှိရာ ထုံးကြီးကျေးရွာသို့ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာစဉ် PDF များက ဦးမင်းမင်းအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်၍ ဦးဇော်ထက်နှင့် ကိုဇင်ကိုဝင်းတို့အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ဦးမင်းမင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းနှင့် ဦးကျော်ခိုင်မှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀၀ အထက် သေဆုံးဒဏ်ရာရမှု ဖြစ်ပွားထားသည်။
