၁. ၂. ၂၀၂၆
MT News Editorial
ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံး(သုဥ်း)သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။ ဤပြဿနာ၏ မြစ်ဖျားခံရာကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဘင်္ဂါလီ ARSA ၏ အကြမ်းဖက်မှု၊ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများနှင့် ခေတ်အဆက်ဆက် နိုင်ငံရေးသမားများ၏ အာဏာတည်မြဲရေးအတွက် အသုံးချခဲ့သည့် “နိုင်ငံရေးကစားကွက်” များနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရှောင်လွှဲနေသော သမိုင်းတာဝန်များကိုပါ ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်သည်။
◾ လူမျိုးတူသော်လည်း ဘင်္ဂါလီကို အသိအမှတ်မပြုသည့် ဘင်္ဂလားဒေ့ရှ်၏ ဝိရောဓိ
ပထမဦးစွာ စဉ်းစားရမည့်အချက်မှာ “ရိုဟင်ဂျာ” ဟု မိမိကိုယ်ကို ခေါ်ဆိုသည့် ဘင်္ဂါလီများနှင့် ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အရာအားလုံးတူညီသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောထားဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နယ်စပ်ချင်းထိစပ်နေသည့် မျိုးနွယ်စုတူများကို နှစ်ဖက်စလုံးက တိုင်းရင်းသား သို့မဟုတ် နိုင်ငံသားအဖြစ် အပြန်အလှန် အသိအမှတ်ပြုထားကြသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နှင့် သွေးသားရင်းချာသဖွယ် ထပ်တူညီနေသည့် ဘင်္ဂါလီအုပ်စုကို “ဘင်္ဂလားဒေ့ရှ် တိုင်းရင်းသား” အဖြစ် လုံးဝအသိအမှတ်မပြုဘဲ ငြင်းဆိုထားသည်။ မြန်မာနိုင်ငံဘက်ခြမ်းတွင်မူ ဘင်္ဂါလီလူမျိုးနှင့် ထပ်တူညီသူများမှာ အခြားတိုင်းရင်းသားများတွင် လုံးဝရှိမနေပေ။
ဤအချက်သည် ICJ တွင် မြန်မာကို တရားစွဲဆိုနေသည့် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များနှင့် များစွာဆန့်ကျင်ဘက် (Contradiction) ဖြစ်နေသည်။ ဂမ်ဘီယာက ဘင်္ဂါလီတို့ကို မြန်မာနိုင်ငံ၏ “ဌာနေတိုင်းရင်းသား” (Indigenous Group) အဖြစ် ပုံဖော်ကာ တရားစွဲဆိုထားသော်လည်း၊ ၎င်းတို့နှင့် လူမျိုးချင်း အတူဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ကမူ ၎င်းတို့၏ နိုင်ငံသားစာရင်းတွင် ဘင်္ဂါလီကို လုံးဝ ထည့်သွင်းခြင်းမရှိပေ။ ဘင်္ဂလားဒေ့ရှ်ကသာ ၎င်းတို့ကို လူမျိုးတူအဖြစ် လက်ခံလိုက်ပါက ဤလူအုပ်စုသည် ဘင်္ဂလားဒေသမှ မြန်မာပြည်ဘက်သို့ ကူးပြောင်းသွားသူများဖြစ်သည်ဟူသော အချက်က ပို၍ထင်ရှားသွားမည် ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံရေးအရ မြန်မာကို ဖိအားပေးနေသော်လည်း၊ လက်တွေ့တွင်မူ ၎င်းတို့နှင့် လူမျိုးတူသူများကို “နိုင်ငံမဲ့” ဒုက္ခသည်များအဖြစ်သာ သတ်မှတ်ကာ တာဝန်ယူရန် ငြင်းဆန်နေခြင်းမှာ ဂမ်ဘီယာ၏ စွပ်စွဲချက်များက အခြေအမြစ်မရှိကြောင်း သွယ်ဝိုက်၍ သက်သေပြနေခြင်းပင် ဖြစ်သည်။
◾ ဦးနု၏ နိုင်ငံရေးအမှားနှင့် လူထုဆန္ဒမပါသော ဆုံးဖြတ်ချက်
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဝန်ကြီးချုပ်ဦးနုလက်ထက်တွင် “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို ရေဒီယိုအစီအစဉ်များနှင့် မိန့်ခွန်းအချို့တွင် အသုံးပြုခဲ့သည်ကို တွေ့ရသည်။ သို့သော် ဤသည်မှာ သမိုင်းကြောင်းအရ ခိုင်လုံသော အထောက်အထားများကြောင့်မဟုတ်ဘဲ ထိုစဉ်က အကွဲအပြဲဖြစ်နေသော ဖဆပလအတွင်း၌ မဲအသာစီးရရှိရန်အတွက် လုပ်ဆောင်ခဲ့သည့် ဦးနု၏ ကိုယ်ကျိုးရှာ “နိုင်ငံရေးလှည့်ကွက်” သာဖြစ်သည်။
စစ်မှန်သော တိုင်းရင်းသားဖြစ်မှုဆိုသည်မှာ နိုင်ငံတော်၏ အခြေခံဥပဒေနှင့် တိုင်းရင်းသားလူထုတစ်ရပ်လုံး၏ ဘုံသဘောတူညီချက် (National Consensus) အပေါ်တွင်သာ အခြေခံရမည်ဖြစ်သည်။ ဦးနု၏ လုပ်ရပ်သည် လွှတ်တော်တွင် အတည်ပြုထားသော ဥပဒေမဟုတ်သလို၊ ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားများ၏ သဘောတူညီချက်လည်း မပါဝင်ခဲ့ပေ။ အစိုးရတစ်ဆက်က မဲရလိုမှုဖြင့် ခေတ္တအသိအမှတ်ပြုခဲ့ခြင်းကို အခြေခံ၍ ၎င်းတို့ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် ကြိုးပမ်းခြင်းမှာ သမိုင်းမှန်ကို မျက်ကွယ်ပြုခြင်းသာ ဖြစ်သည်။ ထို့အတွက်လည်း ဦးနုအစိုးရပျက်သုဥ်းသည်နှင့် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာအမည်ခံ သုံးနှုန်းမှုသည်လည်း ပျက်ပြယ်သွားခဲ့ပြီးဖြစ်သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေသည် ဤကဲ့သို့သော နိုင်ငံရေးအရ အသုံးချခံရမှုများကို ပြုပြင်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
◾ ဂမ်ဘီယာကိုခိုင်းစေသည့် OIC ၏ အကြံအစည်
ဂမ်ဘီယာကို ငွေကြေးထောက်ပံ့ကာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခိုင်းသည့် OIC နှင့် အခြားနိုင်ငံတို့၏ အကြံအစည်မှာ ယခုအခါ မြန်မာ့မြေပေါ်တွင် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီတို့အတွက် နိုင်ငံသစ်တစ်ခု၊ နယ်မြေပိုင်နက်တစ်ခု ရရှိရေးနှင့် ဘင်္ဂါလီများကို တိုင်းရင်းသားပေးရေးဟု ပေါ်လွင်လာခဲ့ပြီဖြစ်သည်။ ထိုအကြံအစည် ပီပြင်ရန်အတွက် ARSA နှင့် ဘင်္ဂလားဒေ့ရှ်တို့က ဇာတ်ပို့ပေးပြီး ARSA ၏ အကြမ်းဖက်သတ်ဖြတ်မှုနှင့် ဘင်္ဂလားဒေ့ရှ်က မျိုးနွယ်တူလူစုကို အသိအမှတ်ပြုမထားမှုအား ဖုံးဖိဖျောက်ကွယ်ထားခြင်းမှာ OIC နှင့် ဂမ်ဘီယာတို့၏ လှည့်ကွက်ဟုလည်းဆိုရမည်ဖြစ်သည့်အပြင် ထိုလှည့်ကွက်ကို ICJ နားလည်သိရှိရန်လည်း လိုအပ်သည်။ ဘင်္ဂါလီတို့ကို မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်ပါသည်ဟု စွပ်စွဲထားသူများက ထိုဘင်္ဂါလီများကို မြန်မာနိုင်ငံကပင် တိုင်းရင်းသားပေးကာ လက်ခံရမည်ဟု ဆိုနေခြင်းမှာလည်း ရှေ့နောက်မညီ ကလိမ့်စေ့ငြမ်းဆင်သော OIC နှင့် အစ္စလာမ္မစ်အစွန်းရောက်တို့၏ နယ်မြေပိုင်စိုးမှုရယူလိုသော လှည့်ကွက်လည်းဖြစ်သည်ဟု ပေါ်လွင်နေပြန်သည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံရေးသမားများ၏ ခဏတာ မဲလိုချင်မှုကြောင့် လုပ်ခဲ့သော အမှားကို ချနင်းကာ ဂမ်ဘီယာ၊ OIC နှင့် ARSA ဘင်္ဂါလီတို့ ပူးပေါင်းကြံစည်မှုသည် မျိုးဆက်ပေါင်းများစွာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ လူမျိုးဘာသာတူနိုင်ငံကပင် ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် လက်မခံဘဲ “နိုင်ငံမဲ့” ဖြစ်အောင် တွန်းပို့ထားသည့် အခြေအနေတွင် ထိုဘင်္ဂါလီ လူအုပ်စုကို မြန်မာနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမည်ဟု နိုင်ငံတကာက ဖိအားပေးနေခြင်းမှာ တရားမျှတမှုမရှိပေ။ ICJ အနေဖြင့်လည်း ဂမ်ဘီယာ၏ စွပ်စွဲချက်များနှင့် ဘင်္ဂလားဒေ့ရှ်၏ လက်တွေ့မကျသော ငြင်းဆိုမှုကြားက ဝိရောဓိကို သေချာစွာ ဆန်းစစ်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ လျှောက်လဲသည့် ပယ်ချသင့်ကြောင်း တင်ပြချက်ကို အလေးအနက် ဆုံးဖြတ် စဥ်းစားရန် လိုအပ်ပါကြောင်း MT News က သုံးသပ် တင်ပြအပ်ပေသည်။
