






၁.၂.၂၀၂၆
Written by Thiri
အိမ်စီးကားတစ်စီးအရှိန်လွန်တိမ်းမှောက်ရာက သစ်ပင်ကိုဝင်တိုက်ကာ ယာဉ်ပေါ်ပါသူ ၅ ဦးအနက် တစ်ဦး သေဆုံးပြီး လေးဦးပြင်းထန် ဒဏ်ရာရမှုဖြစ်စဉ် မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့ ညသန်းခေါင်ချိန်က ပြည်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ် ၊ ရွှေလင်ပန်းဘုရားအနီးမှာ မနေ့က ည ၁၁ နာရီ မိနစ် ၅၀ ခန့်အချိန်က အိမ်စီးကားတစ်စီးအရှိန်လွန်ကာ သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက်လို့ ဒဏ်ရာရလူနာရှိနေကြောင်း တာဝန်သိပြည်သူတချို့က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီထံ ဆက်သွယ်အကြောင်းကြားတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေထံ သတင်းပို့ကာ အကူအညီထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာအရောက် ဒဏ်ရာရလူနာ ၅ ဦးအနက် ကားထဲမှာ ညပ်နေတဲ့ လူနာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းကာ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပေမယ့် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိခိုက် ပြင်းထန်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မျက်နှာပွန်းပဲ့ အမျိုးသမီးတစ်ဦး၊
ဘယ်ဘက်ခြေသလုံးပွင့်/ကျိုး အမျိုးသားလူနာတစ်ဦး၊ ဦးခေါင်းချိုစောင်းပေါက်ပြဲဒဏ်ရာရ အမျိုးသားလူနာတစ်ဦးနဲ့ မျက်နှာပွန်းပဲ့ထိခိုက် ဒဏ်ရာရ အမျိုးသားလူနာတစ်ဦးတို့ကို အရေးပေါ်မြေပြင်ကုသရေးဆောင်ရွက်ပေးခဲ့ကာ ပရဟိတပါရမီအသင်းနဲ့ ခေတ္တရာလူငယ်များ သာရေး၊ နာရေးအသင်းတို့က ယာဉ်တွေနဲ့ ပြည်မြို့ ခုတင်(၅၀၀)ဆေးရုံဆီ အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဉ်အတွင်း ပြည် ဗဟိုမီးသတ်မှ ကြီးကြပ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဆံတော်မီးသတ်မှ ယာဉ်(၁)စီး၊ လူနာတင်ယာဉ် (၁)စီးနဲ့ ပြည်မြို့အခြေပြု မိတ်ဖက်အသင်းတွေက လာရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
