သက်တံ့
၃၁. ၁. ၂၀၂၆
မြန်မာပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဥရောပသမဂ္ဂ (EU) က ယူရို ၆၃ သန်း (အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၈၅ သန်းခန့်) ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
“ဒီရန်ပုံငွေအသစ်နဲ့အတူ ကျွန်မတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အစားအစာ၊ နေထိုင်စရာကနေ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးသူငယ်တွေအတွက် ပညာရေးအထိ အသက်ကယ်ဆယ်ရေး အကူအညီတွေကို ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ၏ တန်းတူညီမျှရေး၊ အရေးပေါ်ပြင်ဆင်ရေးနှင့် အကျပ်အတည်း စီမံခန့်ခွဲမှုဆိုင်ရာ ကော်မရှင်နာ Hadja Lahbib က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် အဆိုပါရန်ပုံငွေကို တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအတွက် ကြိုတင်သတ်မှတ်ထားပြီးဖြစ်ကာ လက်ရှိတွင် မည်သို့အသုံးချမည်ကို အသေးစိတ်ဆုံးဖြတ်နေခြင်းဖြစ်သည်။
စုစုပေါင်းရန်ပုံငွေထဲမှ ယူရို ၃၈ ဒသမ ၆ သန်းကို မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများအတွက် နေထိုင်စရာ၊ သန့်ရှင်းသောရေ ရရှိရေးနှင့် အရေးပေါ် အာဟာရဖြည့်တင်းမှုများအတွက် အသုံးပြုသွားမည်ဖြစ်သည်။ ကျန်ရှိသော ယူရို ၂၃ ဒသမ ၄ သန်းကိုမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁ သန်းကျော်အတွက် ကယ်ဆယ်ရေး အကူအညီများပေးရန် ရည်ရွယ်ထားပြီး ပြီးခဲ့သည့်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေထူထပ်သော ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာယီနေအိမ် ရာပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
Ref : The Star
