




၂၂.၁.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အခြေခံအလွှာ ၁၀ လွှာရှိ ရုပ်ရှင်လောကသားတွေအတွက် ၁၇ ကြိမ်မြောက် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေလှူဒါန်းမှုကို ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပ့တယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ တကယ်ခက်ခဲပြီး လိုအပ်နေတဲ့ အခြေခံအလွှာ ၁၀ လွှာကို ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ လှူဒါန်းလာတာဆိုရင် ၁၇ ကြိမ်မြောက်ရှိပါပြီ။ ဒီနေ့က အုပ်ချုပ်/ဖြန့်ချိ၊ ဇာတ်ညွှန်းနဲ့ ဗီဒီယို၊ ပြဇာတ်နဲ့နောက်ခံတေးဂီတကိုမနက်ပိုင်းပေးတယ်။ နေ့လယ်ပိုင်းက တည်းဖြတ်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ အဓိကသရုပ်ဆောင်တွေ လှူဒါန်းဖြစ်ပါတယ်။ ကိုယ့်လောကသား အချင်းချင်းလိုအပ်နေချိန်မှာ ဖေးမကူညီကြတဲ့အပေါ်မှာလည်း ပီတိဖြစ်ရပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ၁၇ ကြိမ်မြောက် ဆန်၊ ဆီနဲ့စားသောက်ကုန်တွေကို ယနေ့ နံနက်ပိုင်းက အုပ်ချုပ်/ဖြန့်ချိအလွှာ၊ ဇာတ်ညွှန်းအလွှာ၊ ဗီဒီယိုနဲ့ပြဇာတ်အလွှာ၊ နောက်ခံတေးဂီတအလွှာတို့ ပေးအပ်ခဲ့ပြီး နေ့လယ်ပိုင်းမှာ တည်းဖြတ်အလွှာ ၊ ဒါရိုက်တာအလွှာ၊ ထုတ်လုပ်သူအလွှာ၊ အဓိကသရုပ်ဆောင်အလွှာတွေကို ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ကြက်သွန်နီနဲ့ စားသောက်ကုန်တွေကို ပေးအပ်ခဲ့ပါတယ်။
မနက်ဖန် ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းမှာ စက်မှုအလွှာ (၇၀၀၁ – ၇၅၀၀)၊ နေ့လယ်ပိုင်းမှာ စက်မှုအလွှာ (၇၅၀၁ – ၁၇၀၄၄)တို့ ပေးအပ်မှာဖြစ်ပြီးတော့ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံအလွှာ(၄၀၀၁ – ၄၅၀၀)၊ နေ့လယ်ပိုင်းမှာ ဇာတ်ပို့/ဇာတ်ရံ (၄၅၀၁ – ၁၄၀၃၀)တို့ကို ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။
