နေမိုး
၂၂. ၁. ၂၀၂၆
ဗန်းမော်ကို ရက်ပိုင်းအတွင်းသိမ်းမည်ဟု ကြွေးကြော်ကာ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်တွင် မြို့သိမ်းတိုက်ပွဲစတင်ခဲ့သော်လည်း ယခုအချိန်အထိ မသိမ်းနိုင်ဘဲ တစ်နှစ်ကျော်ကြာ အထိနာနေသည့် KIA အနေဖြင့် အသေခံစစ်သားအင်အားဖြည့်တင်းရင် လူငယ်ရာထောင်ချီကို အဓမ္မပေါ်တာဆွဲနေကြောင်းနှင့် ထိုသို့ပေါ်တာဆွဲရာတွင် ခရစ်ယာန်ဘာသာကိုးကွယ်သော ကချင်လက်နက်ကိုင် KIA က ဘာသာရေးပဋိပက္ခအထိ လှုံ့ဆော်ရည်မှန်းသည့်အသွင် ဘုန်းကြီးကျောင်းများအထိပါ ဝင်ရောက်ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
“တောဘက်(KIA) က ဘယ်နေရာမှမချန် ပေါ်တာဆွဲနေတာ။ သူတို့ပေါ်တာဆွဲတဲ့အထဲ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အကုန်ဆွဲနေတယ်။ ဒါပေမဲ့ သူတို့ပျော်ပါးနေတဲ့ KTV ၊ မာဆတ်တွေ၊ မူးယစ်ဆေးရောင်းတဲ့နေရာတွေ၊ ရခိုင်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေတော့ ပေါ်တာမဆွဲဘူး။ ဒီတော့ သူတို့ဘာသာ၊ သူတို့လူမျိုး၊ သူတို့နဲ့ လက်နက်ကိုင်စရိုက်တူသူကြတော့ ပေါ်တာမဆွဲဘဲ တမင်သက်သက် ဘာသာရေးပဋိပက္ခဖြစ်အောင် လုပ်နေသလား မေးစရာဖြစ်လာတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
KIA အနေဖြင့် ယခုရက်ပိုင်းအတွင်း ပေါ်တာဆွဲမှုများအဖြစ် ဇန်နဝါရီ ၂၀ ရက်က ဆိုင်းတောင် တိမ်ပင်လယ် ထွက်ရှိရာနေရာ မှော်ရှန် ဝင်းသီရိမင်္ဂလာကျောင်းတိုက်၊ အောင်တော်မူစေတီကုန်းတော်ပေါ်ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာ စေတီတော် ဘုရားဝင်း ပရဝုဏ်အတွင်း နေထိုင်ကြသော လူငယ်များအား KIA, KPDF အဖွဲ့များ လာရောက်ဖမ်းဆီး ပေါ်တာဆွဲသွားကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဖမ်းဆီးခံရသော လူငယ်များအား အမြန်ဆုံး ပြန်လည်လွတ်ပေးရန် မေတ္တာရပ်ခံအပ်ကြောင်း ဆိုင်းတောင်ဒေသခံဆရာတော်တစ်ပါးဖြစ်သူ အရှင်ပဏ္ဍိတ(ဆိုင်းတောင်) က တောင်းဆိုထားသည်။
ထို့အပြင် KIA အနေဖြင့် မိုးညှင်းမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ မန်ကင်းကျေးရွာ၊ လွယ်ပေါကျေးရွာ တို့၌ ပြုလုပ်သည့် ပညာရေးစုံညီပွဲတော် လူသစ်စုဆောင်းရေး (ပေါ်တာ) ဆွဲသွားကြောင်း အောင်ဇော်မိုး (ဖားကန့်) က အသိပေးသလို KIA က လူ ၁၀၀၀ မပြည့်မချင်း ပေါ်တာဆွဲနေသည်ဟုလည်း အသိပေးထားသည်။
ထို့အပြင် ယခင် နိုင်ငံပိုင်သတင်းဌာနသတင်းထောက်အဖြစ်မှ CDM ပြုလုပ်ကာ NUG ၊ PDF နှင့် EAOs တို့ ထောက်ခံခဲ့သော ဒေသခံသတင်းထောက် တာလင်းမောင်ကလည်း KIA က ဗုဒ္ဓဘာသာဘုရားကျောင်းများအတွင်း ပေါ်တာဝင်ဆွဲခြင်းမှာ ဘာသာရေးပဋိပက္ခဖန်တီးချင်သည့်လုပ်ရပ်ဟု မေးခွန်းထုတ်ထားသလို ပေါ်တာဆွဲစုဆောင်းမှုတွင် ရခိုင်များမပါဝင်ဟုလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
KIA အနေဖြင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း အထိအနာဆုံးတိုက်ပွဲမှာ ဗန်းမော်ဖြစ်ပြီး တစ်နှစ်ကျော်သည့်အထိ မသိမ်းနိုင်သလို တပ်မတော်၏ ချေမှုန်းမှုကြောင့် KIA နှင့် KPDF ရာချီသေဆုံးအပြီး မြေပြန့်မှ NUG ဩဇာခံ PDF များကိုပါ ခေါ်ယူတိုက်ခိုက်စေသော်လည်း PDF ရာပေါင်းများစွာ အသေအပျောက်များနေသဖြင့် ယခုကဲ့သို့ ပေါ်တာဆွဲမှုများ သောင်းကျန်းလာခြင်းလည်းဖြစ်သည်။
