



၂၂.၁.၂၀၂၆
နေရောင်လင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၂၀၂၅ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းခန့်အနိုင်ရရှိနေပြီး ရွေးကောက်ပွဲတတိယပိုင်း၌ ဆက်လက်အနိုင်ရရှိပါက ကြိုတင်ရေးဆွဲထားသည့် ရက် ၁၀၀ စီမံချက်တွင် ဧရာ၀တီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးကို ထူးခြားပြောင်းလဲတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ငပုတောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ကြိုင်က ” ကျွန်တော်တို့ ပြည်ခိုင်ဖြိုးက ပထမအကြိမ်၊ ဒုတိယအကြိမ်တွေမှာ ၈၂ ရာခိုင်နှုန်းခန့်အောင်မြင်ပြီးပါပြီ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တတိယအကြိမ် ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရရှိပါက ဆောင်ရွက်ဖို့အတွက် ကြိုတင်ရေးဆွဲထားတဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ ထူးထူးခြားခြားဖြစ်အောင် ဆောင်ရွက်သွားမယ်။ သက်ဆိုင်ရာ ငပုတောမြို့နယ်အတွက်ဆိုရင်လည်း ငပုတောမြို့နယ်အတွက်၊ ဧရာ၀တီတိုင်းတစ်တိုင်းလုံးအတွက်ဆိုရင်လည်း ဧရာ၀တီတိုင်းအတွက်၊ တစ်နိုင်ငံလုံးအတွက် ရက် ၁၀၀ အထူးစီမံချက်တွေ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ် ” ဟု အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသူများကို ပြောကြားခဲ့သည်။




ထို့ပြင် ငပုတောမြို့နယ်အတွက် မည်သည့်အရာများ လိုအပ်လျက်ရှိပြီး မည်သည့် အခက်အခဲများရှိသည်ကို ငပုတောမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက သိရှိအောင် ဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည်သူလူထုကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မိမိတို့ရွာတွင် အမှန်တကယ်အခက်အခဲဖြစ်နေသည့် ကိစ္စရပ်များ၊ မိမိတို့မြို့တွင် အမှန်တကယ်အခက်အခဲဖြစ်နေသည့် ကိစ္စရပ်များကို ပြောကြားပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ငပုတောမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများက တက်ရောက်လာသူများနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး တွေ့ဆုံပွဲကို နံနက် ၁၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီမှ ငပုတောမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်သန်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဒေါ်နွယ်နွယ်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးမင်းမင်းကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၉၂ အုပ်စုရှိပြီး ဆန္ဒမဲပေးရုံ ၂၄၅ ရုံရှိကာ မဲပေးခွင့်ရှိသူ အရေအတွက် ကျားမစုစုပေါင်း ၂၀၀၂၃၇ ဦး ရှိကြောင်း သိရသည်။
