၂၁. ၁. ၂၀၂၆
MT News Editorial
ယနေ့ကမ္ဘာတွင် သိပ္ပံနည်းပညာများ မည်မျှပင် တိုးတက်နေစေကာမူ ကမ္ဘာ့မြေပုံပေါ်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်း၌မူ ရှေးရိုးစွဲဆန်လှသည့် လူမှောင်ခိုကူးမှုနှင့် အထောက်အထားမဲ့ လှေစီးဒုက္ခသည်ပြဿနာမှာ ယနေ့တိုင် အဖြေရှာမရသော ပုစ္ဆာတစ်ပုဒ်အဖြစ် တည်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက “မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များ” ဟု အမည်ခံ၍ နိုင်ငံတကာ၏ လူသားချင်းစာနာမှု အကူအညီများကို လှေစီးဒုက္ခသည်ဟုဆိုကာ အလွဲသုံးစားပြုနေခြင်းမှာ မြန်မာ့အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ “လူဦးရေဆိုင်ရာ ဗုံးတစ်လုံး” (Demographic Bomb) ကဲ့သို့ ဖြစ်လာနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စီးပွားရေးအရ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု အပေါ်ယံတွင် ထင်ရသော်လည်း မြေပြင်အခြေအနေ၌မူ အလွန်အမင်း ကျပ်တည်းလျက်ရှိသည်။ မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်သာရှိသော မြေပြင်ဧရိယာပေါ်တွင် လူဦးရေ သန်း ၁၇၀ ကျော် စုပြုံနေထိုင်နေရခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် အဂတိလိုက်စားမှုများ၊ နိုင်ငံရေးအကျပ်အတည်းများကြောင့် အခြေခံလူတန်းစားများမှာ အသက်ရှင်ရပ်တည်ရန် ခက်ခဲလာကြသည်။ ဤကျပ်တည်းမှုများအပြင် လာမည့် ၂၀၅၀ ပြည့်နှစ်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေအောက် နစ်မြုပ်သွားနိုင်သည့် ဘေးအန္တရာယ်ကလည်း ၎င်းတို့နိုင်ငံသားများအား လှေစီးဒုက္ခသည်အဖြစ် အပြင် အိမ်နီးချင်းနိုင်ငံများဆီသို့ နယ်မြေချဲ့ထွင်ရန် တွန်းအားပေးနေသကဲ့သို့ ရှိနေသည်။
ဤနေရာတွင် ရုပ်သွင်နှင့် ဘာသာစကား ချွပ်စွပ်တူညီကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများ၏ လှေစီးဒုက္ခသည်အဖြစ် နယ်မြေချဲ့ထွင်နေနိုင်သည့် ပြဿနာ၏ အရင်းအမြစ်မှာ နိုင်ငံတကာ၏ ဒုက္ခသည်ဆိုင်ရာ စံနှုန်းများကြောင့်ဖြစ်သည်။ ဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် မိမိကိုယ်ကိုယ် ဝန်ခံလိုက်ပါက “စီးပွားရေးဒုက္ခသည်” (Economic Migrant) အဖြစ် သတ်မှတ်ခံရပြီး မိခင်နိုင်ငံသို့ ချက်ချင်းပြန်ပို့ခံရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ “ဘင်္ဂါလီ” သို့မဟုတ် “ပဋိပက္ခကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာ” ဟု အမည်ခံလိုက်ပါက နိုင်ငံတကာဥပဒေအရ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်တွင် ယာယီခိုလှုံခွင့် ရရှိသွားလေ့ရှိသည်။ ဤအားနည်းချက်ကို အသုံးချကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မြန်မာရိုဟင်ဂျာအမည်ခံ၍ လှေစီးဒုက္ခသည်များအဖြစ် ပိုမိုပွားများလာခြင်းဖြစ်သည်။ ယခုကဲ့သို့ ရာသီဥတုသာယာသည့် အခါသမယများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ဘင်္ဂါလီများက ရိုဟင်ဂျာအမည်ခံ၍ လှေစီးထွက်ခွာတတ်သည့် အချိန်အခါလည်း ဖြစ်နေပြန်သည်။
ကမ္ဘာ့နိုင်ငံကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် ဤဖြစ်စဉ်ကို “နားမလည်ခြင်း” ထက် “မျက်ကွယ်ပြုခြင်း” က ပိုမိုမှန်ကန်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် လူ့အခွင့်အရေးမူဝါဒကို ရှေ့တန်းတင်လွန်းသဖြင့် အထောက်အထားမဲ့သူများကြားတွင် မည်သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ မည်သူသည် မြန်မာနိုင်ငံသားဖြစ်ကြောင်းကို တိကျစွာ စိစစ်ရန် ပျက်ကွက်နေကြသည်။ ဤသို့ စိစစ်မှုအားနည်းခြင်းသည် မြန်မာနိုင်ငံအပေါ်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအပေါ် လက်ခံကျွေးမွေးထားရသော အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်းကောင်း ရေရှည်ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာလည်း ဤပြဿနာကို ပိုမိုဆိုးရွားစေသည်။ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ အရောက်အပေါက်နည်းသည့် ဒေသများကို အသုံးချ၍ ရခိုင်လက်နက်ကိုင် AA အပါအဝင် လူမှောင်ခိုဂိုဏ်းများသည် လှေစီးဒုက္ခသည်များကို စနစ်တကျ ပို့ဆောင်နေကြသည်။ ယခုအခါ အဆိုပါလှေစီးဒုက္ခသည်များသည် ၎င်းတို့သွားလိုသော တတိယနိုင်ငံများသို့ မရောက်ရှိမီ အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့သော နိုင်ငံများ၏ ကမ်းခြေများတွင် သောင်တင်နေကြသည်။ ၎င်းတို့သည် မြန်မာ့ပတ်စပို့ သို့မဟုတ် မည်သည့်တရားဝင် အထောက်အထားမှ မပါရှိဘဲ “မြန်မာနိုင်ငံသား” များအဖြစ် ဟန်ဆောင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် နောင်တစ်ချိန်တွင် အဆိုပါလူများကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရမည်ဟူသော နိုင်ငံတကာဖိအားများကိုလည်း ကြုံတွေ့ရနိုင်ခြေရှိသည်။
လှေစီးဒုက္ခသည်ပြဿနာနည်းတူ ယခုဖြစ်ပွားနေသည့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရောက် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်သည်ပင်လျှင် သွေးရိုးသားရိုးမဟုတ်ဘဲ အစီအစဉ်တကျ ကြံစည်မှုများ ရှိနေသည်ကို တွေ့ရသည်။ ရိုဟင်ဂျာဖြစ်လိုသည့် ဘင်္ဂါလီများ၏ နယ်မြေစွန့်ခွာထွက်ပြေးရခြင်းတွင် အောက်ပါကြံရွယ်ချက် (၃) ချက်ရှိနေသည် –
(၁) မြန်မာနိုင်ငံသား တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံရရန်၊
(၂) ကုလသမဂ္ဂ၏ ဒုက္ခသည်အဆင့်အတန်းမှတစ်ဆင့် တတိယနိုင်ငံများတွင် အခြေချနေထိုင်ခွင့်ရရန်နှင့်
(၃) မြန်မာ့မြေပေါ်တွင် ကိုယ်ပိုင်နယ်မြေ သို့မဟုတ် ကိုယ်ပိုင်နိုင်ငံ ထူထောင်ရန်ဖြစ်သည်။
နံပါတ် (၃) အချက်သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ ကိုယ်တိုင် “မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေအချို့ကို ပေါင်းစပ်၍ ကိုယ်ပိုင်နိုင်ငံငယ်တစ်ခု ထူထောင်ရန် ပြည်ပအားပေးမှုများ ရှိနေသည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည့် သတိပေးချက်နှင့် ထပ်တူကျနေသည်။
သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း လူမျိုးသုဥ်းသတ်ဖြတ်မှု အမည်တပ်ခံရသည့် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ဘင်္ဂါလီတို့၏ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုများသည် မြန်မာ့တပ်မတော်၏ ချေမှုန်းမှုကြောင့်မဟုတ်ဘဲ ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ စနစ်တကျ သွေးထိုးလှုံ့ဆော်မှုနှင့် တိုက်ခိုက်မှုများကြောင့်သာ ဖြစ်သည်။ ARSA အဖွဲ့သည် ရခိုင်မျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာဝင်ရာချီကို အကြမ်းဖက်သတ်ဖြတ်ပြီးနောက် ဘင်္ဂါလီဒေသခံများကို ဓားစာခံပြုကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ အတင်းအဓမ္မ ထွက်ပြေးစေခဲ့ခြင်းမှာ နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဖိအားများကို မြန်မာနိုင်ငံအပေါ် သက်ရောက်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ရိုဟင်ဂျာအမည်ခံကာ ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသည့် ဘင်္ဂါလီများကလည်း အကြမ်းဖက် ARSA အကြောင်း နှုတ်ဆိတ်နေရခြင်းမှာ အထက်ပါသုံးချက်အပြင် ARSA ကို ကြောက်ရွံ့ခြင်းနှင့် အလိုတူအလိုပါ ကြံစည်ခြင်းတို့လည်း ဖြစ်နိုင်နေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ဘင်္ဂါလီများက ရိုဟင်ဂျာဟု အမည်ခံကာ လှေစီးဒုက္ခသည်အဖြစ် နိုင်ငံကြီးများသို့ ထွက်ပြေးနေသည့် ဖြစ်ရပ်များသည် ARSA ကြောင့် ဘင်္ဂါလီများ မြန်မာ့မြေပေါ်မှ ထွက်ပြေးသည့်ဖြစ်စဉ်နှင့် အနှစ်သာရတူညီသည်ကို ICJ က နားလည်သိရှိရန် လိုအပ်သည်။ ထို့ကြောင့် ICJ က မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဂမ်ဘီယာနှင့် OIC တို့ ပူးပေါင်းကြံစည်သော တစ်ဖက်သတ် စွပ်စွဲချက်များကိုသာ အခြေမခံဘဲ မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားနေသည့် အခြေအနေများကို သမိုင်းနှင့်ချီ၍ စေ့ငုသင့်သည်။ မျှတမှုမရှိသော ဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ မကျူးလွန်ရသော လူမျိုးသုဉ်းသတ်ဖြတ်မှုကို အစ္စလာမ္မစ် အစွန်းရောက်များအလိုကျ ICJ ကပါ ဝင်၍ လည်စင်းပေးသလို ဖြစ်စေမည့်အပြင် ဒေသတွင်း လူမှောင်ခိုဈေးကွက်ကို ပိုမိုအားကောင်းစေပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ကြီးလေးစွာ ထိခိုက်စေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း လူ့အခွင့်အရေးသမားများ လုပ်စားစရာ ဈေးကွက်ကြီးတစ်ခုသည် ဘင်္ဂါလီများကို အမှီပြုကာ ပိုမိုတွင်ကျယ်လာမည့် အန္တရာယ်ကို ICJ ကိုယ်တိုင် သတိချပ်ရန်လိုအပ်ကြောင်း MT News က မီးမောင်းထိုး ဖော်ပြလိုပေသည်။
