၄.၅.၂၀၂၆
Translated by Htwe Ko Tun
ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၁ ဦးလိုက်ပါလာသော United Airlines လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၆၇ ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းသည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နီဝပ်မြို့ လေဆိပ်သို့ မေလ ၃ ရက်တွင် နောက်ဆုံးဆင်းသက်ရန် ချဉ်းကပ်နေစဉ် လေယာဉ်၏ဘီးတစ်ဘက်က အဝေးပြေးလမ်းမပေါ်တွင် မီးတိုင်နှင့် ထရပ်ကားကို တိုက်မိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလေကြောင်းပျံသန်းမှုစီမံခန့်ခွဲရေးဗဟို (FAA) မှအရာရှိများက လေယာဉ်မှာ လေဆိပ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်းပြောခဲ့သည်။ သို့သော် FAA က ထို ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးမှုအရ United Airlines လေကြောင်းလိုင်းဂျက်လေယာဉ်က ပြေးလမ်းသို့ ချဉ်းကပ်လာစဉ် ဆင်းသက်သည့်တာယာနှင့် လေယာဉ်၏အောက်ခြေက မီးတိုင်တစ်ခုနှင့် ထွန်စက်နောက်တွဲယာဉ်တစ်ခုကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မီးတိုင်က အဝေးပြေးလမ်းပေါ်တွင်လည်း မောင်းနှင်နေသော ဂျစ်ကားတစ်စီးပေါ်သို့ လဲကျခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လေယာဉ်ပေါ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် ပို့ဆောင်ရေးထရပ်ကားမောင်းသူကို ဒဏ်ရာအနည်းငယ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း နယူးယော့ခ်နှင့် နယူးဂျာစီပြည်နယ်များ၏ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ကြေညာချက်တစ်စောင်တွင် ဖေါ်ပြခဲ့သည်။
United Airlines လေကြောင်းလိုင်း၏ ဂျက်လေယာဉ်က ပျံသန်းမှုခရီးစဉ် ၁၆၉ အရ ခရီးသည် ၂၂၁ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦးကို တင်ဆောင်လာခဲ့ပြီး မေလ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် နီဝပ်လေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်ပြေးလမ်းအနီးရှိ မော်တော်ကားလမ်းပိုင်းတစ်ခုပေါ်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
H&S Bakery ကုမ္ပဏီမှ ထရပ်ကားမှာ ထိခိုက်ပျက်စီးခြင်းမရှိသော်လည်း လေယာဉ်ဘီးက ယာဉ်မောင်း၏ ပြတင်းပေါက်ကို ဝင်တိုက်မိခဲ့ကြောင်း ကုမ္ပဏီ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ ချတ်ပါတီရာကီးစ်က ပြောကြားခဲ့ကာ ထရပ်ကားမောင်းသူမှာ ဖြစ်ရပ်ကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
United Airlines လေကြောင်းလိုင်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ဖြစ်ရပ်အပေါ် တင်းကျပ်သော လေယာဉ်ပျံသန်းမှုဘေးကင်းရေး စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး လေယာဉ်အမှုထမ်းများကို ဤဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ငန်းမှ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လေယာဉ်ထုတ်လုပ်သူ ဘိုးရင်းကုမ္ပဏီ ကမူ AFP ၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
Ref- CNA
