သက်တံ့
၄. ၅. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဒက်မွိုင်းမြို့ပြဧရိယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကလိုက်ဖ် (Clive) မြို့တွင် တာဝန်စတင်ထမ်းဆောင်နေသည့် ရဲအရာရှိ အောင်သန့်အတွက် ယခုအလုပ်သည် ရဲအရာရှိဝတ်စုံကို ဝတ်ဆင်ခွင့်ရရုံသက်သက် မဟုတ်ဘဲ မိခင်နိုင်ငံ၏ အတိတ်သမိုင်းကြောင်းများကြောင့် အာဏာပိုင်များအပေါ် သံသယရှိနေတတ်သည့် မြန်မာအသိုက်အဝန်းနှင့် ရဲတပ်ဖွဲ့ကြားတွင် ယုံကြည်မှုတံတားတစ်စင်း ခိုင်ခိုင်မာမာ တည်ဆောက်ပေးလိုသည့် သူ၏ “ပေါင်းကူးအိပ်မက်” ကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လတွင် ကလိုက်ဖ်ရဲတပ်ဖွဲ့သို့ Rookie Officer (အစမ်းခန့်ရဲအရာရှိ) အဖြစ် ဝင်ရောက်ခဲ့သော အောင်သန့်သည် ဒက်မွိုင်းမြို့ပြဧရိယာ၏ အခြားနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ ကင်းလှည့်တပ်ဖွဲ့တွင် အခြေကျနေပြီဖြစ်သည်။ အလုပ်စတင်သည့် ပထမဆုံးလအတွင်းမှာပင် အောင်သန့်သည် လူထု၏ယုံကြည်မှုကို တည်ဆောက်ရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် လူထုနဲ့ တကယ်ကို ထိတွေ့ဆက်ဆံချင်တာပါ။ ဒါက ကျွန်တော့်ရဲ့ အဓိကအချက်ပါပဲ” ဟု အောင်သန့်က ဆိုသည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော အောင်သန့်သည် ၂၀၀၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးပဋိပက္ခများဖြစ်ပွားနေစဉ် မိသားစုနှင့်အတူ အိုင်အိုဝါသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူသည် အသက် ၁၂ နှစ်အရွယ်သာ ရှိသေးပြီး အင်္ဂလိပ်စကား မပြောတတ်သေးပေ။
နာဂစ်ပါ ထပ်မံဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ လူပေါင်း ၁၀,၀၀၀ နီးပါးသည် အိုင်အိုဝါပြည်နယ်တွင် လာရောက် အခြေချနေထိုင်ခဲ့ကြပြီး ယခုအခါ ကလိုက်ဖ်မြို့တွင် မြန်မာမိသားစုပေါင်း ၁,၀၀၀ ခန့် နေထိုင်လျက်ရှိသည်။
မိခင်နိုင်ငံ၏ အတိတ်ကာလ အဂတိလိုက်စားမှုများနှင့် စစ်အုပ်ချုပ်ရေးကြောင့် အာဏာပိုင်များအပေါ် ယုံကြည်မှုအားနည်းနေနိုင်သည့် မြန်မာဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်ရန်အတွက် မိမိ၏ နောက်ခံသမိုင်းကြောင်းက ထူးခြားသော အခွင့်အရေးတစ်ခု ဖြစ်စေသည်ဟု အောင်သန့်က ပြောသည်။
“သူတို့က ကျွန်တော့်ဆီကို လာလို့ရပါတယ်။ ကျွန်တော်တို့ အတူတူ ဆက်ဆံရေး တည်ဆောက်သွားလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဥပဒေစိုးမိုးရေးနယ်ပယ်သို့ မဝင်ရောက်မီ အောင်သန့်သည် အမေရိကန် မရိန်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ယခုအခါ ရဲအရာရှိတစ်ဦးအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှုကို ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ရဲအရာရှိတစ်ဦးဖြစ်ရတာ၊ လူထုကို ဝန်ဆောင်မှုပေးရတာ၊ ကာကွယ်စောင့်ရှောက်ပေးရတာတွေဟာ ကျွန်တော့်ရဲ့ အိပ်မက်လို့ ထင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ အမေရိကန်အိပ်မက် (American Dream) ပါပဲ” ဟု ၎င်းက ဆိုသည်။
ဒေသခံပြည်သူများအနေဖြင့် အရာရှိအောင်သန့်နှင့် ကလိုက်ဖ်ရဲတပ်ဖွဲ့ဝင်များကို မေလ ၁၂ ရက်၊ ညနေ ၅ နာရီတွင် ကလိုက်ဖ်မြို့ရှိ Horizon Event Center ၌ ကျင်းပမည့် ရဲတပ်ဖွဲ့သီတင်းပတ် (Police Week) အစီအစဉ်တွင် တွေ့ဆုံနိုင်မည်ဖြစ်သည်။
Ref : KCCI
