သက်တံ့
၄. ၅. ၂၀၂၆
ထိုင်းအစိုးရသည် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (TIP Report) တွင် ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရပ်တည်နေခဲ့သည့် Tier 2 အဆင့်မှ Tier 1 အဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ဘန်ကောက်ပို့စ်သို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာခြင်းကြောင့် အမေရိကန်၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အကဲဖြတ်မှုတွင် ထိုင်းနိုင်ငံအနေဖြင့် Tier 1 အဆင့်ကို မကြာမီ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ အစိုးရသည် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်အတွက် ဒေတာအချက်အလက် စနစ်များကို ပေါင်းစပ်ရာတွင် တိုးတက်မှုများ ရရှိခဲ့သည်။ အမေရိကန်နှင့် တရုတ်ကဲ့သို့သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုခိုင်မာလာပြီး ရာဇဝတ်ဂိုဏ်းများ ဝင်ရောက်လာမှုကို တားဆီးခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို ၎င်းတို့၏ မိခင်နိုင်ငံများသို့ တိုက်ရိုက်ပြန်လည် ပို့ဆောင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် တစ်ဆင့်ခံငွေစာရင်းများ Mule accounts ကို ပိတ်ပင်ခြင်းနှင့် ထိုင်းနိုင်ငံသားအဖြစ် အလိမ်အညာ ရယူရန် ကြိုးပမ်းသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်သားများ၏ အမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်သော အစီအမံများကို လုပ်ဆောင်နိုင်ခဲ့သည်ဟု သူမက ထောက်ပြခဲ့သည်။ ဤကြိုးပမ်းမှုများသည် ဌာနဆိုင်ရာများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပြသနေပြီး လူကုန်ကူးမှု ကွန်ရက်များကို ပိတ်ဆို့ရန် ထိုင်းနိုင်ငံ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ဖော်ပြနေခြင်းဖြစ်သည်။
”လက်ရှိအစိုးရလက်ထက်မှာ စနစ်က ပိုပြီးထိရောက်လာတဲ့အတွက် ဒီအစိုးရသက်တမ်းအတွင်းမှာပဲ ထိုင်းနိုင်ငံအနေနဲ့ Tier 2 ကနေ Tier 1 ကို ကူးပြောင်းနိုင်မယ့် အခွင့်အလမ်း အမှန်တကယ် ရှိနေပါတယ်” ဟု သူမက ဆိုသည်။
အမေရိကန်သည် လူကုန်ကူးမှုတိုက်ဖျက်ရန် Tier လေးဆင့် သတ်မှတ်ထားပြီး မြန်မာနိုင်ငံကဲ့သို့ အဆိုးဆုံးအဆင့် Tier 3 စာရင်းဝင်နိုင်ငံများမှာ အမေရိကန်၏ ထောက်ပံ့မှုမရသည့်အပြင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၏ ကန့်သတ် ပိတ်ဆို့ခံရမှုများရှိနိုင်သော်လည်း အဆင့်များမြင့်တက်လာလေလေ ထိုကဲ့သို့ ကန့်သတ်ပိတ်ဆိုခံရခြင်းများမှ လွတ်ကင်းကာ ကူညီထောက်ပံ့မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်သည့် လှုပ်ရှားမှုကို အရှိန်မြှင့်ထားပြီး အမေရိကန်နှင့် ပူးပေါင်းကာ Call-centre လိမ်လည်မှု ကွန်ရက်များနှင့် လူကုန်ကူးမှုဂိုဏ်းများကို ဖြိုခွင်းခဲ့ရာ ဘတ်ငွေ ၂၀ ဘီလျံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အစိုးရသည် နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အကဲဖြတ်မှုတွင် Tier 2 မှ Tier 1 သို့ မြှင့်တင်ရန်နှင့် စီးပွားရေးနှင့် ခရီးသွားကဏ္ဍအပေါ် ယုံကြည်မှု တိုးမြှင့်ရန်အတွက် SHIELD အမည်ရှိ ထောက်လှမ်းရေး ပလက်ဖောင်းသစ်တစ်ခုကိုလည်း စတင်ရန် ပြင်ဆင်နေသည်။
ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့သည် Call-centre လိမ်လည်မှုများနှင့် လူကုန်ကူးမှုများကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်နှင့် ချိတ်ဆက်ထားသော ဒေသတွင်း သတင်းအချက်အလက် မျှဝေရေးဗဟိုဌာနအဖြစ် SHIELD စနစ်ကို လာမည့် ဇွန်လတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် လိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းခြင်းသည် အမျိုးသားရေး ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်သွင်းသည့် မူဝါဒမိန့်ခွန်းတွင် အစောပိုင်းကတည်းက ထည့်သွင်းပြောကြားခဲ့သည်ဟု မစ္စ Rachada က ဆိုသည်။
မကြာသေးမီက ထူးခြားသော တိုးတက်မှုတစ်ခုမှာ Ben Smith၊ Yim Liak နှင့် ၎င်းတို့၏ အပေါင်းအပါများကို တရားစွဲဆိုခြင်းနှင့် ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းများဖြစ်ပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဘတ် ၂၀ ဘီလျံကျော်ရှိသည်။ ထိုင်းနိုင်ငံကို ငွေကြေးခဝါချမှု အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည့် အခြားအဖွဲ့များကိုလည်း စုံစမ်းစစ်ဆေးမှုများ တိုးချဲ့လုပ်ဆောင်နေသည်။
အာဏာပိုင်များသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ အကြီးစား Call-centre ကွန်ရက်တစ်ခုကိုလည်း ဖြိုခွင်းခဲ့ပြီး၊ ထိုနေရာတွင် နိုင်ငံစုံမှ လူပေါင်း ၁၀,၀၀၀ ကျော်သည် လူကုန်ကူးခြင်းခံရကာ အဓမ္မခိုင်းစေခံနေရကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသားကောင်အများစုမှာ ‘အချစ်တု လိမ်လည်မှု’ (Romance scams) နှင့် ရင်းနှီးမြှုပ်နှံမှု အတုအယောင် လိမ်လည်မှုများကို လုပ်ဆောင်ရန် အကျပ်ကိုင် ခိုင်းစေခြင်း ခံခဲ့ရသူများ ဖြစ်သည်။
ဝန်ကြီးချုပ်သည် နယ်စပ်ဒေသများရှိ Call-centre ဂိုဏ်းများနှင့် လူကုန်ကူးမှု ကွန်ရက်များကို ပြည်တွင်းပြည်ပတွင် အရှိန်အဟုန်မြှင့် နှိမ်နင်းရန် သက်ဆိုင်ရာ ဌာနအားလုံးကို ညွှန်ကြားထားပြီး ထိုင်းနိုင်ငံသည် ထိုကဲ့သို့သော ရာဇဝတ်လုပ်ငန်းများအတွက် ဖြတ်သန်းရာ ဗဟိုချက် (Hub) ဖြစ်လာစေမည်မဟုတ်ဟု ကတိပြုထားကြောင်း သူမက ပြောကြားခဲ့သည်။
ဧပြီလ ၂၁ ရက်မှ ၂၅ ရက်အထိ ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သော ထိုင်းနှင့် အမေရိကန် အာဏာပိုင်များအကြား ဆွေးနွေးမှုများသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်။
ဒုတိယရဲချုပ် Pol Gen Thatchai Pitaneelaboot ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့်အတူ အမေရိကန်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။
ပြီးခဲ့သည့် တစ်နှစ်တည်းမှာပင် အမေရိကန်နိုင်ငံသား လိမ်လည်ခံရသည့် နစ်နာသူများသည် အမေရိကန်ဒေါ်လာ ၆ ဘီလျံ (ခန့်မှန်းခြေ ဘတ် ၁၉၀ ဘီလျံ) ထက်မနည်း ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူများထံမှ အချက်အလက်များကို ပေါင်းစပ်ထားသည့် IAC War Room ကို တည်ထောင်ခဲ့သည့်အတွက် အမေရိကန်၏ ချီးကျူးမှုကို ထိုင်းနိုင်ငံက ရရှိခဲ့ကြောင်း၊ ယင်းစနစ်ကြောင့် သားကောင်များအတွက် ငွေစာရင်းများကို အမြန်ပိတ်ပင်နိုင်ပြီး ပိုင်ဆိုင်မှုများကို ပြန်လည်ရယူပေးနိုင်ကြောင်း မစ္စ Rachada က ဆက်လက်ပြောကြားသည်။ FBI နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်လည်း ဖမ်းဆီးမှုများစွာနှင့် ပိုင်ဆိုင်မှု အများအပြား သိမ်းဆည်းနိုင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
“ဒီလို လက်တွေ့ကျတဲ့ ရလဒ်တွေဖြစ်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့တာ၊ စုံစမ်းစစ်ဆေးရေးစနစ်တွေ မြှင့်တင်တာနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ကွန်ရက်တွေကို စဉ်ဆက်မပြတ် နှိမ်နင်းတာတွေဟာ လူထုကို အကာအကွယ်ပေးဖို့နဲ့ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ရေရှည်တည်တံ့တဲ့ နည်းလမ်းနဲ့ မြှင့်တင်နေတာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
မူဝါဒချမှတ်ခြင်းမှ လက်တွေ့အကောင်အထည်ဖော်ခြင်းအထိ လုပ်ဆောင်ချက်များကြောင့် ထိုင်းနိုင်ငံသည် ၄ နှစ်ကြာ ရပ်တည်ခဲ့သည့် Tier 2 အဆင့်မှ Tier 1 သို့ တက်လှမ်းရန် အသင့်ဖြစ်နေပြီဟု အစိုးရက ယုံကြည်ထားပြီး၊ ယင်းသည် နိုင်ငံ၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကာ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။
Ref: Bangkok Post
