
၂၁.၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးများအသုံးပြုမှု အဆင်ပြေစေရေး ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secretary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသက်တမ်းတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် နှစ်နိုင်ငံငွေကြေးများအသုံးပြုမှု အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန် ကူးလူးဆက်ဆံမှုများကို တွန်းအားပေးဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
