နေမိုး
၂၁. ၁. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် ဆွေမျိုးတော်စပ်သူ အမျိုးသားသုံးဦးနှင့် ကားတစ်စီးကို PDF များက လုယက် ဖမ်းဆီးသွားပြီးနောက် သမက်နှင့် ယောက္ခထီးကို ပစ်သတ်ခဲ့မှု ဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
NUG ဩဇာခံ PDF တို့၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ နားပဲ့ကျေးရွာအနီး ကိုးပင်-သာဂရသွားကားလမ်းဘေး၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ချောင်းကောက်ကျေးရွာနေ ဦးမြင့်ငွေ(၇၀)နှစ်သည် သားမက်ဖြစ်သူ ဦးငြိမ်းမောင်မောင်(၄၃)နှစ်၊ ယောက်ဖဖြစ်သူ ဦးမောင်ညွန့်(၅၁)နှစ်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ် ငါးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ သုံးဦးအား ဦးမြင့်ငွေပိုင် မော်တော်ယာဉ် တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရသူ သုံးဦးအနက် ဦးမြင့်ငွေနှင့် ဦးငြိမ်းမောင်မောင်တို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
