◾ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူထားသူ ၄၀၄ ဦး ရှိလာ
MT News
၂၁. ၁. ၂၀၂၆
ရွေးကောက်ပွဲအပိုင်း (၂) တွင် မဲပေးသူရာခိုင်နှုန်း ပထမအကြိမ်ထက် ပိုများခဲ့ပြီး မဲပေးသူ ၅၆ ရာခိုင်နှုန်းနီးပါးရှိခဲ့ကြောင်းနှင့် ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူထားသူ ၄၀၄ ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ကကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲအပိုင်း (၁) တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၂) တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တားဖျက်ဆီးသည့် အကြမ်းဖက်လုပ်ဆောင်ချက်များ ရှိခဲ့သော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ လွတ်လပ်သည့် သဘောဆန္ဒအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ထို့အတူ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့်အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချကောင်းမွန်သော လုံခြုံရေးဆိုင်ရာအစီအမံများအတိုင်း အင်အားဖြည့်တင်း၍ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း (၂) ကို ပိုမိုကောင်းမွန်စွာ ကျင်းပပေးနိုင်ခဲ့သဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) ကိုလည်း မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာလုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၃၃၁ မှု တွင် တရားခံအမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
