




နေမိုး
၂၁. ၁. ၂၀၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု သတင်း ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ “ဘမ်ဘင်” ကချင်ရိုးရာစားသောက်ဆိုင်အနီးတွင် မျက်နှာအား Mask များ တပ်ဆင်ထားသည့် အမည်မသိ အမျိုးသား ခုနစ်ဦးမှ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး သုံးဦးအား တားဆီးပြီး ၎င်းတို့ကို လမ်းဘေး၌ ဒူးထောက်ထိုင်စေကာ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေ ၅၂၀,၀၀၀ ကျပ်နှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်မှု ကျုးလွန်ခဲ့သည်။
ထိုစဉ် ဦးဇော်မိုးအောင်ဆိုသူ မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်အား ၎င်းတို့က ထပ်မံတားဆီးကာ ၎င်းတို့လေးဦးအား သေနတ်ပြခြိမ်းခြောက်၍ မော်တော်ယာဉ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ပြီး တပ်ကုန်းရပ်ကွက်ရှိ သင်္ချိုင်းကုန်းအနီးအရောက်၌ အမျိုးသမီး နှစ်ဦးတို့အား မော်တော်ယာဉ်ပေါ်မှ ဆင်းစေကာ ၎င်းတို့ထံမှ စိန်နားကပ် တစ်ရံ၊ ရွှေနားကပ် တစ်ရံနှင့် ရွှေလက်စွပ် တစ်ကွင်းတို့အား လုယက်ယူဆောင်၍ ကျန်အမျိုးသမီး တစ်ဦးနှင့် ဦးဇော်မိုးအောင်တို့အား ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး ၎င်းအမျိုးသမီးအား အမည်မသိ အမျိုးသား ခုနစ်ဦးမှ သားမယား ပြုကျင့်ပြီး ၎င်းထံမှ ရွှေနားကပ် တစ်ရံအား လုယက်ယူဆောင်၍ ပြန်လွှတ်ပေးခဲ့ကာ ဦးဇော်မိုးအောင်အား သတ်ဖြတ်ပြီး မော်တော်ယာဉ်အား ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြစ်ကြီးနားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၇၆/၁၁၄ နှင့် (ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၆ တို့ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ရာဒါကောင်း(ဘီ)ရပ်ကွက်ရှိ လမ်းသွယ်(၇)၌ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်နေ တရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင်(ခ)မျိုးဂျက်အောင်(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က ၎င်းတို့လုယက်ယူဆောင်သွားခဲ့သည့် KCN-16/1N-XXXX နံပါတ်ပါ MAZDA အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် သေဆုံးသူ ဦးဇော်မိုးအောင်ထံမှ လုယက် ယူဆောင်ခဲ့သည့် Apple Watch အဖြူရောင်နာရီ တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။





လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဒုံဂျန်(မြောက်)ရပ်ကွက်နေ တရားခံ ဆိုင်းဒူ(၁၇)နှစ်အား ၎င်းတို့လုယက်ယူဆောင်သွားသည့် နားကပ် သုံးရံနှင့်အတူ တစ်ရပ်ကွက်တည်းနေ ၎င်း၏ဦးလေးဖြစ်သူနေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမြီကျေးရွာနေ တရားခံ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်(၂၆)နှစ်အား ၎င်းငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ အိမ်ငှားတန်းလျား တိုက်ခန်းအမှတ် (SN-148)၌ လည်းကောင်း၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် တပ်ကုန်းရပ်ကွက်နေ တရားခံ နော်လီ(၃၁)နှစ်အား ၎င်းစီးနင်းလာသည့် MDY/80W-XXXX ADIXIN 125 ဆိုင်ကယ် တစ်စီးနှင့်အတူ စီတာပူရပ်ကွက်ရှိ “ရှမ်းချယ်ရီ” ထမင်းဆိုင်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး တရားခံ နော်လီ ငှားရမ်းနေထိုင်သည့် ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်အမှတ် (ကပခ-၂/၀၃၉)အား သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ MA-3(ခေါက်ဒင်) သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၅.၅၆ ကျည် ၁၇ တောင့်၊ လက်ထိပ် တစ်ကွင်း၊ REDELL တံဆိပ်ပါ လက်ကိုင်စကားပြောစက် တစ်လုံး၊ မှတ်ပုံတင် တစ်ခုနှင့် အိမ်ထောင်စုဇယား တစ်ခုတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင် (ခ)မျိုးဂျက်အောင်၊ ဆိုင်းဒူ၊ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်နှင့် နော်လီတို့ လေးဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – အောင်ဇော်မိုး ဖားကန့်
