သတိုး
၂၁. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်းအား အမေရိကန်ပြည်ထောင်စုက ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းမှုများအမြန်ဆုံး စတင်ရန် ယနေ့ (ဗုဒ္ဓဟူးနေ့)တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
သို့သော် အဆိုပါနယ်မြေကို ရရှိရန်အတွက် စစ်အင်အားအသုံးပြုသွားမည်မဟုတ်ကြောင်းကိုမူ ထရမ့်ပ်က ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်များကို ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ယနေ့ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) သို့ တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားရာတွင် သမ္မတထရမ့်ပ်က ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အင်အားသုံးမှာမဟုတ်ပါဘူး။ လူတွေက ကျွန်တော် အင်အားသုံးလိမ့်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အင်အားသုံးစရာ အကြောင်းမရှိသလို၊ အင်အားသုံးဖို့လည်း မလိုပါဘူး။ အင်အားသုံးမှာလည်း မဟုတ်ပါဘူး” ဟု ထရမ့်ပ်က ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတထရမ့်ပ်၏ ဂရင်းလန်းကျွန်းအပေါ် ရန်လိုသော အပြောအဆိုများကြောင့် ယခင်နေ့က ထိုးဆင်းသွားခဲ့သည့် အမေရိကန်၏ စတော့ရှယ်ယာဈေးကွက်သည် ယခုကဲ့သို့ စစ်ရေးအရ အရေးယူမည်မဟုတ်ကြောင်း အာမခံချက်ပေးအပြီးတွင် ပြန်လည်ဦးမော့လာခဲ့သည်။
◾ ဂရင်းလန်းက မဟာဗျူဟာမြောက်လား၊ သာမန်ရေခဲပြင်လား
သမ္မတထရမ့်သည် ၎င်း၏ မိန့်ခွန်းအတွင်း ဂရင်းလန်းကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို အသားပေးပြောကြားခဲ့သလို၊ တစ်ခါတစ်ရံတွင်လည်း အဆိုပါကျွန်းအား “ရေခဲပြင်တစ်ခု” (Piece of ice) ဟုသာ ရည်ညွှန်းကာ အရေးမပါသယောင် ပြောဆိုခဲ့သည်။ ထို့အပြင် မိန့်ခွန်းပြောကြားနေစဉ်အတွင်း ဂရင်းလန်းကျွန်းအား အိုက်စလန် (Iceland) နှင့် မှားယွင်းစွာ ပြောဆိုမှုများလည်း အကြိမ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်းကျွန်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်ကြောင်းကိုမူ ထရမ့်က အခိုင်အမာ ပြောဆိုသည်။
၎င်းက “လက်ရှိအခြေအနေမှာ အမေရိကန်ပြည်ထောင်စုကလွဲရင် တခြား ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကမှ ဂရင်းလန်းကို လုံခြုံအောင် မကာကွယ်ပေးနိုင်ဘူး” ဟု ဆိုသည်။
◾ ဥရောပနိုင်ငံများအပေါ် ဖိအားပေးမှု
ဂရင်းလန်းကျွန်း အငြင်းပွားမှုနှင့် ပတ်သက်၍ နေတိုး (NATO) အဖွဲ့ဝင် ၈ နိုင်ငံကို သွင်းကုန်ခွန်အသစ်များ ကောက်ခံမည်ဟု ခြိမ်းခြောက်ပြီးနောက် ယခုမိန့်ခွန်းတွင်လည်း ဥရောပအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
”သူတို့မှာ ရွေးချယ်စရာရှိပါတယ်။ ခင်ဗျားတို့က သဘောတူရင် ကျွန်တော်တို့က ကျေးဇူးတင်မှာပါ။ ဒါပေမဲ့ ခင်ဗျားတို့က ငြင်းဆန်မယ်ဆိုရင်တော့ ဒါကို ကျွန်တော်တို့ မှတ်ထားမှာပါ” ဟု ထရမ့်က သတိပေးပြောကြားခဲ့သည်။
သမ္မတထရမ့်သည် ဒိန်းမတ်နှင့် နေတိုးအဖွဲ့အနေဖြင့် ဂရင်းလန်းကျွန်းကို ကာကွယ်ရန် စွမ်းဆောင်နိုင်ရည်မရှိကြောင်းနှင့် အမေရိကန်ကသာလျှင် အဆိုပါဒေသကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
Ref: CNBC
