

၂၁.၁.၂၀၂၆
Written By Thandar
ဖေဖော်ဝါရီ ၇ ရက် ညနေ ၅ နာရီကျင်းပမယ့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တွေထဲက မြန်မာ့ရုပ်ရှင်အနုပညာရှင်လေးဦးအတွက် Fashion Award ဆုချီးမြှင့်ရာမှာ ခန္ဓာကိုယ် အသားပေးချုပ် လုပ်ထားတဲ့ ဝတ်စုံမျိုးလုံးဝမဟုတ်တဲ့ မြန်မာရိုးရာဝတ်စုံအပြင် တိုင်းရင်းသားရိုးရာဝတ်စုံတွေကိုပါ ဆုချီးမြှင့် ပေးသွားမယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ ဒီအဖွဲ့ဝင် ၅ ယောက်က ခုတွေ့ရတာကတော့ လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ နေပြည်တော်ပွဲ ကျင်းပမယ့် အကယ်ဒမီပေးပွဲတက်လာတဲ့ ပွဲတက်ဝတ်စုံတွေထဲက အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး အကြီးတန်းတွေရယ်၊ အကောင်းဆုံးအမျိုးသားနဲ့ အမျိုးသမီးတွေကို ဆုတွေ ပေးအပ်ကြဖို့ပါ။ Myanmar Academy Fashion Award /မြန်မာ့အကယ်ဒမီဖက်ရှင်ဆုမှာ ၄ ဦးကို ရွေးချယ်ပေးမှာပါ။ လိမ်းခြယ်လာတဲ့ မိတ်ကပ်နဲ့ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုနဲ့ ဝတ်စားဆင်ယင်မှုတွေကို ကြည့်ရှုကြမှာလည်းဖြစ်ပါတယ်။ လိုက်ဖက်မှု ရှိ၊ မရှိတွေကို သေချာရွေးချယ်ကြမှာပါ။ လျှောက်လမ်းအတိုင်း ဝင်လာပြီး သေချာလေး ဓာတ်ပုံအရိုက်ခံတဲ့သူတွေကို ပြိုင်ပွဲဝင်လို့ သတ်မှတ်ပါတယ်။ ဓာတ်ပုံမရိုက်ဘဲ ဝင်သွားတာဆိုရင်တော့ ပါဝင်မှာမဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ အမှတ်ကို ၅ မျိုးကြည့်မှာဖြစ်ပါတယ်။ ဒီနှစ်ထူးခြားတာက မြန်မာဝတ်စုံတင်မဟုတ်ဘဲ တိုင်းရင်းသားပေါင်း ၁၃၀ ကျော်နေတာမို့ တိုင်းရင်းသားဝတ်စုံကို ဆုပေးဖို့ စဉ်းစားထားပါတယ်။ ပေါင်ပေါ် ဒူးပေါ် မဖြစ်ဘဲ တိုင်းရင်းသားရိုးရာဝတ်စုံပြည့် အစစ်အမှန် ဖြစ်ဖို့ လိုအပ်ပါတယ်။အထူးသတိပြုရမှာက တက်ရောက်လာတဲ့ အနုပညာရှင်တွေအနေနဲ့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ဝတ်စုံမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အခမ်းအနားနဲ့ လိုက်ဖက်တာကို ရွေးချယ်ပေးမှာပါ”လို့ Myanmar Academy Fashion Award ဆုရွေးချယ်ရေးအဖွဲဝင် အကယ်ဒမီဆွေဇင်ထိုက်က MT Entertainment ကိုပြောပါတယ်။
အဆိုပါဆုအတွက် မိတ်ကပ်နဲ့ ဆံပင်ပိုင်းအပြင် ဖက်ရှင်ပိုင်းတွေကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်၊ ဂျွန်လွင် (Star & Models Int’l)၊ ဒီဇိုင်နာ ပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်း၊ ဓာတ်ပုံကိုနိုင်(R-2)တို့က တာဝန်ယူ အကဲဖြတ်ကြည့်ရှုစိစစ်မှာလည်း ဖြစ်ပါတယ်။
Myanmar Academy Fashion Award/ မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆုအနေနဲ့ အကောင်းဆုံးအမျိုးသား ဝတ်စား ဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီး ဝတ်စား ဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စား ဆင်ယင်မှု အမျိုးသားဆု၊ အကောင်းဆုံး ဝတ်စား ဆင်ယင်မှု အမျိုးသမီးဆု လေးဦးကို ဖက်ရှင်ဆုတံဆိပ်နဲ့ ငွေသားတချို့ကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
Fashion Award ဆုမှာ တင်ထားတဲ့ အနုပညာရှင်တွေရဲ့ပုံတွေမှာ (Like, Love) React ပေးသူတွေကို သာ Count လုပ်သွားမှာဖြစ်ပြီး (Angry, Sad) React ပေးသူတွေကို Uncount လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီဆုရရှိတဲ့သူတွေကိုတော့ ဖေဖော်ဝါရီလ ၇ ရက် ည ၇ နာရီတိတိမှာ အကဲဖြတ်ဒိုင်လူကြီးတွေက အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်တဲ့အတွက် ပွဲတက်ရောက်လာကြတဲ့ အနုပညာတွေက ညနေ ၅ နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
