သက်တံ့
၉. ၁. ၂၀၂၅
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးမြို့ရှိ အမှိုက်စွန့်ပစ်ရာနေရာတွင် အမှိုက်ပုံကြီး ပြိုကျမှုကြောင့် လူပေါင်းများစွာ အမှိုက်များအောက်တွင် ပိတ်မိနေသည်ဟု စိုးရိမ်ရသည့်အပြင် အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။
ထိုဖြစ်ရပ်သည် စီဘူးမြို့ရှိ ပုဂ္ဂလိကပိုင် ဘီနာလစ်အမှိုက်စွန့်ပစ်အင်းတွင် ဇန်နဝါရီလ ၈ ရက်နေ့က အမှိုက်ပုံကြီး ပြိုကျခဲ့ရာမှ သန့်ရှင်းရေးလုပ်သား အများအပြား အမှိုက်များအောက်တွင် ပိမိခဲ့ခြင်းဖြစ်သည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင်မူ ကယ်ဆယ်ရေးသမားများသည် ပြိုကျနေသည့် တောင်ကြီးကဲ့သို့မြင့်သော အမှိုက်ပုံကြီးအောက်တွင် ပိတ်မိနေသည်ဟု ယူဆရသော လူပေါင်းများစွာကို ရှာဖွေလျက်ရှိသည်။

စီဘူးမြို့၏ လက်ထောက်ပြန်ကြားရေးအရာရှိ Jason Morata က “ဒီအမှိုက်ပုံဟာ ၄ ထပ်တိုက် အမြင့်လောက် ရှိပါလိမ့်မယ်” ဟု အမှိုက်ပုံ၏အမြင့်ကို ခန့်မှန်းပြောဆိုသည်။
စီဘူးမြို့တော်ဝန် Nestor Archival ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ထုတ်ပြန်ချက်အရ အနည်းဆုံး အလုပ်သမား ၁၂ ဦးကို အမှိုက်များအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ကျန်ရှိနေသော ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အစွမ်းကုန် ကြိုးပမ်းနေကြသည်။
ရဲတပ်ဖွဲ့၏ ဝေဟင်ဓာတ်ပုံများအရ အမှိုက်ပုံ၏ အလေးချိန်ကြောင့် အဆိုပါအမှိုက်ပုံကို စီမံခန့်ခွဲနေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးရုံးခန်းများ၊ HR ဌာနနှင့် ဝန်ထမ်းနားနေဆောင် အဆောက်အအုံများ ကြေမွပျက်စီးသွားသည်ကို တွေ့ရသည်။ အမှိုက်ပုံ ပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်နှောင်းပိုင်းက တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းများနှင့် ငလျင်ဒဏ်ကြောင့် မြေသားများ အားနည်းနေခြင်း၊ သတ်မှတ်ပမာဏထက် ပိုမိုသော အမှိုက်တန်ချိန် ၁,၀၀၀ ကျော်ကို နေ့စဉ်လက်ခံနေခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ Marge Parcotello က “အမှိုက်ပုံပြိုတဲ့အချိန်မှာ မိုးရွာနေတာမျိုး မရှိပါဘူး။ ထိခိုက်သူအများစုဟာ အမှိုက်ပုံနဲ့ နယ်နိမိတ်ချင်း ထိနေတဲ့ Consolacion မြို့က လူတွေဖြစ်ကြပါတယ်” ဟု ဆိုသည်။
ဤဖြစ်ရပ်သည် ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လက မနီလာမြို့ရှိ အမှိုက်ပုံကြီး ပြိုကျကာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည့် ဖြစ်ရပ်ဆိုးကို ပြန်လည်သတိရစေသည်။ ထိုစဉ်က အဆိုပါဖြစ်ရပ်ကြောင့် အမှိုက်ပုံများကို စနစ်တကျ စီမံခန့်ခွဲရန် လူထုက အပြင်းအထန် တောင်းဆိုခဲ့ကြပြီး လပိုင်းအကြာတွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ ပေါ်ပေါက်လာခဲ့သည်။
ယခုပြိုကျသည့် စီဘူးမြို့ရှိ ဘီနာလစ်အမှိုက်ပုံကြီးသည် ၂၅ ဧကနီးပါးကျယ်ပြန့်ပြီး အမြင့်မှာ လေးထပ်တိုက်တစ်လုံးစာခန့်ရှိနေသည်။ မူလက နေ့စဉ် အမှိုက် တန် ၅၀၀ ခန့်သာ သိမ်းရန် ရည်ရွယ်ခဲ့သော်လည်း လက်တွေ့တွင်မူ အမှိုက်တန် ၁၀၀၀ မှ ၁၂၀၀ ကြား သိမ်းဆည်းနေရသဖြင့် ဝန်အားမမျှဖြစ်နေသည်။ ထို့အပြင် အမှိုက်ပုံကြီးသည် မူလကပင် တောင်စောင်းပေါ်တွင် ရှိနေသဖြင့် အဟုန်ပြင်းစွာပြိုကျလာသည့်အခါ ရုံးခန်းအဆောက်အအုံများ ပြိုကျပိမိခြင်းနှင့် သန့်ရှင်းရေးလုပ်သားများစွာ သေဆုံး၊ ပျောက်ဆုံးနေသည့် ဖြစ်ရပ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
Ref : UCA

