◾️ သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများကို ယခုဇန်နဝါရီ ၁ ရက်မှစတင်၍ ရက်ပေါင်း ၁၈၀ သတ်မှတ်မည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းဝယ်မည့် သွင်းကုန်လိုင်စင်များ အမျိုးအစားတူပါက တစ်လအတွင်း တစ်စောင်သာ လျှောက်ထားနိုင်မည်
၉. ၁. ၂၀၂၆
Written by Nyein Kyaw
ပို့ကုန်ရငွေလဲလှယ်မှုများအပေါ် ထပ်မံဖြေလျှော့ပေးခဲ့ပြီး အချက်အလက်ပြည့်စုံသည့် ပို့ကုန်လိုင်စင်များကို ၂၄ နာရီအတွင်း ခွင့်ပြုဆောင်ရွက်ပေးနေ၍ ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ပေးသွင်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ယခုဇန်နဝါရီလ ၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပြင်ဆင်သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာထားရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှုများကို အချက်အလက်ပြည့်စုံစွာ တင်ပြလာပါက Automatic Licensing စနစ်ဖြင့် အလို အလျောက်ခွင့်ပြုခြင်း၊ Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားမှုများကို ပို့ကုန်သွင်းကုန် လုပ်ငန်းညှိနှိုင်းမှုကော်မတီက စိစစ်ပြီးရုံးဖွင့်ရက်များ၌ ၂၄ နာရီအတွင်း ခွင့်ပြုခြင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် စောင်ရေနှင့် ပမာဏအတိုင်း အပြည့်အဝ မှန်မှန်ကန်ကန်တင်ပို့ကြရန်နှင့် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ကာလအတွင်း အပြည့်အဝ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ လျှောက်ထားသည့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများ၏ သက်တမ်းကို ရက်ပေါင်း ၁၈၀ သတ်မှတ်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ပြည်တွင်း၌ ရောင်းဝယ်ခြင်းလုပ်ငန်း (Trading) ဆောင်ရွက်ရန် တင်သွင်းမှုများအတွက် လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုလျှင် ကုန်ပစ္စည်းအမျိုးအစား တူညီပါက ပြက္ခဒိန်တစ်လအတွင်း တစ်စောင်သာ လျှောက်ထားရန်နှင့် အဆိုပါတစ်စောင်ကိုသာ အတည်ပြုခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာ သက်တမ်းရက်ပေါင်း ၁၈၀ ကျော်လွန်သည့် လျှောက်ထားမှုများကို Myanmar Tradenet 2.0 စနစ်မှ ပယ်ဖျက်ခြင်း (Auto Cancel) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသိပေးကြေညာချက် (၄/၂၀၂၅) ဖြင့် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်/ပါမစ်လျှောက်လွှာများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်များအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုးဆော်ထားသည်။


