ပုံစာ။ ပဲခူး PDF များ ဖျက်ဆီးတိုက်ခိုက်မှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနေရသော တောကျွဲအင်းဆေးရုံမှ လူနာများပုံရိပ်။
နေမိုး
၉. ၁. ၂၀၂၆
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့(ခ)အောင်မြင်မြို့ကို ပဲခူး PDF တွေက ထိန်းချုပ်ထားတယ်လို့ ကနဦး သိရပါတယ်။
မြို့သိမ်းတိုက်ပွဲတွေမှာ ရွာကြီးကနေ မြို့ဖြစ်လာတဲ့နေရာတွေဟာ ရဲစခန်းတစ်ခုလောက်သာ အင်အားများတတ်ပြီး ဒီလိုနေရာတွေ ဝင်စီးနေတဲ့ PDF တွေဟာ ဇန်နဝါရီ ၈ ရက် ညသန်းခေါင်မတိုင်ခင် အလစ်အငိုက်ဝင်စီးပြီး တောကျွဲအင်းမြို့ ရဲစခန်းအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို အင်အား ၅၀၀ ထက်မနည်းတဲ့ သာလွန်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း “ကျောက်တံခါး၊ တောကျွဲအင်းမြို့ ဂိတ်စခန်းအားလုံး တစ်ပြိုင်နက်ထဲ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့” လို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ပဲခူး PDF တွေဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို လစဥ် ဆယ်ချီ သတ်ဖြတ်နေတာကို မထိန်းနိုင်ခဲ့တဲ့ အကျိုးဆက်အဖြစ် လုံခြုံရေးတပ်စခန်းတွေကိုပါ ပစ်မှတ်ထားလာနိုင်တာဖြစ်ပြီး ဇန်နဝါရီ ၇ ရက်နေ့ကလည်း လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ နတ်တလင်း စတဲ့ မြို့တွေက လုံခြုံရေးတပ်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။
တောကျွဲအင်းဟာ လူပေါင်း ၁၅၀၀၀ ခန့်သာရှိတဲ့ အောင်မြင်ကျေးရွာအုပ်စုကနေ မြို့ဖြစ်လာတဲ့ မြို့ငယ်လေးသာဖြစ်ပြီး လက်ရှိမှာတော့ ပဲခူး PDF တွေ ဖျက်ဆီးတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထွက်ပြေးနေရသလို တောကျွဲအင်းဆေးရုံကိုလည်း PDF တွေ စီးနင်းမှုကြောင့် လူနာတွေ အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ သိရပြီး အသေအပျောက်စာရင်းကတော့ ကနဦး မသိရသေးပါဘူး။





