၉.၁.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံမှာ နှစ်ပတ်နီးပါးကာလအတွင်း အကြီးမားဆုံးဆန္ဒပြပွဲတွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် လူ့အခွင့်အရေးအဖွဲ့တွေက ဆန္ဒပြသူများစွာ သေဆုံးခဲ့တယ်လို့ သတင်းပို့ခဲ့ကြပါတယ်။
အီရန်နိုင်ငံမှာ ရီယယ်ငွေကြေး စံချိန်တင်ကျဆင်းပြီးနောက် ဒီဇင်ဘာ ၂၈ ရက်မှာ တီဟီရန်ဈေးကို ပိတ်ဆို့ပြီး စတင်ခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေက ဇန်နဝါရီ ၈ ရက်မှာ ၁၂ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြမှုတွေက အခုအခါ မြို့တော်အပါအဝင် တစ်နိုင်ငံလုံးကို ပိုမိုကြီးမား တဲ့ ဆန္ဒပြပွဲတွေနဲ့ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာတော့ အာဏာပိုင်တွေက အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ခဲ့ပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းကစတင်ခဲ့တဲ့ ဆန္ဒပြမှုတွေမှာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲခဲ့ပြီးနောက် နော်ဝေအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အီရန်လူ့အခွင့်အရေးအဖွဲ့က လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြပွဲတွေ စကတည်းက အရွယ်မရောက်သေးသူ ရှစ်ဦးအပါအဝင် ဆန္ဒပြသူ အနည်းဆုံး ၄၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဇန်နဝါရီလ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
နှိမ်နင်းမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာတာနဲ့အမျှ အကြီးမားဆုံးဆန္ဒပြပွဲတွေက အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်မှုအပေါ် သူတို့ရဲ့ စိန်ခေါ်မှုကို တိုးမြှင့်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေက နှစ်ပေါင်းများစွာ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဇွန်လကဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့စစ်ပွဲက ပြန်လည်နာလန်ထူကာစအချိန်မှာ အယာတိုလာ အလီ ခါမေနီ ခေါင်းဆောင်တဲ့ အာဏာပိုင်တွေကို များစွာအနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကလည်း အီရန်အာဏာပိုင်တွေကို ပြည်သူတွေကို ဆက်လက်သတ်ဖြတ်နေမယ်ဆို အီရန်ကို ပြင်းထန်စွာအရေးယူမယ်လို့ ဇန်နဝါရီလ ၈ ရက်က ခြိမ်းခြောက် သတိပေးခဲ့ပါတယ်။
နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၇ ရက်ဟာ ဆန္ဒပြပွဲတွေရဲ့ သွေးထွက်သံယိုမှု အများဆုံးနေ့ဖြစ်ပြီး ဆန္ဒပြသူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အထောက်အထားတွေ အရ နှိမ်နင်းမှုရဲ့ အတိုင်းအတာဟာ နေ့စဉ်နှင့်အမျှ ပိုမိုပြင်းထန်လာပြီး လူရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့အပြင် ၂,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲတွေက အီရန်နိုင်ငံတစ်ဝန်း ပျံ့နှံ့လာတာနဲ့အမျှ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းဌာနက အီရန်ရဲ့ ပြည်နယ် ၃၁ ခုရှိ နေရာ ၃၄၈ နေရာမှာ စုဝေးဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ရှားဘုရင်ရဲ့သားနဲ့ အဓိကပြည်ပရောက် အတိုက်အခံခေါင်းဆောင် ရီဇာ ပါလာဗီက အဓိကဆန္ဒပြပွဲတွေ ပိုမိုပြုလုပ်ကြဖို့ ဇန်နဝါရီလ ၈ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဘာသာရေးခေါင်းဆောင် ခါမေနီကို ရည်ညွှန်းဆန့်ကျင်ပြီး “ပါလာဗီ ပြန်လာမည်”နဲ့ “ဆေးယတ် အလီ ဖြုတ်ချခံရမည်” အပါအဝင် ဘာသာရေးခေါင်းဆောင်မှုကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြပါတယ်။
ISNA သတင်းဌာန၏ အဆိုအရ ဆန္ဒပြမှုတွေကြောင့် တီဟီရန်ရှိ အမားကာဘီ တက္ကသိုလ် နောက်ဆုံးစာမေးပွဲတွေကို တစ်ပတ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၂၀၂၂ -၂၀၂၃ ခုနှစ်က ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီရန်မှ ယခုဆန္ဒပြပွဲတွေက အကြီးမားဆုံးဖြစ်ပါတယ်။
Ref- Le Monde



