◾️ လျာထားချက် တန်ချိန်သုံးသန်းပြည့်မီရန် လက်ကျန်ဘဏ္ဍာနှစ် သုံးလအတွင်း တစ်လ တန်ချိန် ၂၃၀,၀၀၀ ဝန်းကျင် ထပ်မံတင်ပို့ရမည်
၉. ၁. ၂၀၂၆
Written by Nyein Kyaw
ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၁၁၉ သန်း တင်ပို့ထားနိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၆၇၅ သန်းအထိ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ထုတ်ပြန်ထားသည့်စာရင်းရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၁,၈၆၉ အထိ တင်ပို့နိုင်ခဲ့၍ တစ်လအတွင်း နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၉၉ သန်း ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း လစဉ်တင်ပို့မှုများတွင် တင်ပို့မှုအများဆုံးနှင့် ဝင်ငွေအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုများကို လေ့လာကြည့်ပါက ဘဏ္ဍာနှစ်အစ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်တင်ပို့မှုမှ ဒေါ်လာသန်း ၉၀၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန် တင်ပို့မှုမှ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တန်တင်ပို့မှုမှ ဒေါ်လာ ၇၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တန် တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တန် တင်ပို့မှုမှ ဒေါ်လာ ၅၂ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တန် တင်ပို့မှုမှ ဒေါ်လာ ၉၂ သန်းနှင့် နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တန် တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် သုံးသန်းခန့်တင်ပို့ရန် လျာထားကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားသည်။ အဆိုပါ လျာထားချက် ပြည့်မီစေရန် ကျန်ရှိနေသည့် ဘဏ္ဍာနှစ် သုံးလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၈၈၀,၀၀၀ ကျော် (သို့မဟုတ်) တစ်လလျှင် တန်ချိန် ၂၃၀,၀၀၀ ဝန်းကျင် ထပ်မံ တင်ပို့နိုင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။


