သက်တံ့
၉. ၁. ၂၀၂၆
ထိုင်းအမျိုးသားတစ်ဦးသည် ၎င်း၏ ရည်းစားဟောင်းမှ လှည့်ဖြားခေါ်ယူခဲ့ရာသို့ ဇန်နဝါရီ ၈ ရက်က သွားရောက်ခဲ့စဉ် သူမ၏ ချစ်သူသစ်က လည်ပင်းကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သော်လည်း ထိုအမျိုးသားသည် အကူအညီရရန်အတွက် နွန်သဘူရီမှ စမွတ်ပရာကန် ခရိုင်အထိ ကိုယ်တိုင် ကားမောင်း၍ လာခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ဖြစ်စဉ်မှာ အသက် ၃၄ နှစ်အရွယ် ဘော်ဒင်အမည်ရှိ ထိုင်းအမျိုးသားတစ်ဦးသည် ဇန်နဝါရီလ ၈ ရက် မနက် ၉ နာရီခွဲခန့်တွင် ၎င်း၏ လုပ်ဖော်ကိုင်ဘက်တစ်ဦးထံ ဆက်သွယ်ကာ အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။ လုပ်ဖော်ကိုင်ဘက်ဖြစ်သူက စမွတ်ပရာကန် ကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြားခဲ့ရာ ကယ်ဆယ်ရေးသမားများသည် စမွန်ပရာကန်ခရိုင်၊ ဘန်ပူးမိုင်မြို့နယ်ရှိ နေအိမ်တစ်လုံးသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်တွင် ဘော်ဒင်သည် ၎င်း၏ကားနောက်ခန်း၌ လည်ပင်းတွင် နက်ရှိုင်းသော ဓားဒဏ်ရာဖြင့် လဲလျောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ဒဏ်ရာသည် ၂ လက်မခန့် အရှည်ရှိပြီး သွေးထွက်လွန်နေသောကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်နေရာ၌ပင် ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီး စမွတ်ပရာကန် ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။
လုပ်ဖော်ကိုင်ဘက်ဖြစ်သူ၏ ကနဦး ထွက်ဆိုချက်အရ ဘော်ဒင်သည် ရည်းစားဟောင်းနှင့် တွေ့ဆုံရန် နွန်သဘူရီသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ချိန်းဆိုထားသည့်နေရာတွင် ရည်းစားဟောင်းကို တစ်ဦးတည်းတွေ့ရမည့်အစား သူမ၏ ချစ်သူသစ်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ ထိုသူက ဘော်ဒင်ကို ဓားဖြင့် ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး လည်ပင်းကို ထိုးခဲ့ခြင်းဖြစ်သည်။
ဘော်ဒင်သည် ဓားထိုးခံရပြီးနောက် ကားဖြင့် အခင်းဖြစ်နေရာမှ ထွက်ပြေးခဲ့ပြီး သွေးထွက်နည်းစေရန်အတွက် ၎င်း၏ ဂျာကင်အင်္ကျီဖြင့် ဒဏ်ရာကို ပတ်ထားခဲ့သည်။ ထိုသို့ ဒဏ်ရာအပြင်းအထန်ဖြင့်ပင် စမွတ်ပရာကန်၊ ဘန်ပူးမိုင်ရှိ နေအိမ်သို့ရောက်အောင် ကားကို မောင်းနှင်ခဲ့ပြီးမှ လုပ်ဖော်ကိုင်ဘက်ထံ အကူအညီလှမ်းတောင်းခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရရှိသော သတင်းများအရ ဘော်ဒင်သည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက် အပြည့်အစုံ မပေးနိုင်သေးပေ။ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြသည်။
Ref : The Thaiger


