၈. ၁. ၂၀၂၆
Written by Nay Yaung Lin
ပြည်သူ့ပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဇန်နဝါရီ ၈ ရက် နံနက် ၁၁ နာရီတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ ( ဂ ) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချလိုက်ကြောင်း ပြည်သူ့ပါတီ(ဗဟို)မှ သိရသည်။
“ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ ( ဂ ) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချလိုက်ကြောင်း သိရပါတယ်” ဟု ပြည်သူ့ပါတီ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရသည့် ဦးလွင်မြင့်အတွက် ဥပဒေအရ ဆောင်ရွက်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြင်ဆင်မှုတက်ရန်ရှိကြောင်း ပြည်သူ့ပါတီ၏ ဥပဒေရေးရာအဖွဲ့မှ သိရသည်။
ဦးလွင့်မြင့်၏ ရှေ့နေ ဦးဝဏ္ဏစိုးက “ကျွန်တော်တို့ ဥပဒေကြောင်းအရ ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားပါမယ်။ ပြင်ဆင်မှုတက်တာတွေ လုပ်သွားပါမယ်။ အခု ဦးလွင်မြင့်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အချုပ်ထဲမှာရှိနေပါတယ်။ ပြီရင် သူ့ကို အင်းစိန်ထောင်ကို ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်”ဟု ပြောကြားခဲ့သည်။
ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အမှုဖွင့် တရားစွဲဆိုမှုကြောင့် ဦးလွင့်မြင့်ကို ဒီဇင်ဘာ ၁၇ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကာ အာမခံရရှိခဲ့ပြီး သင်္ဃန်းမြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၂၃ ရက်က စတင်၍ အမှုရုံးချိန်း ရင်ဆိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ၎င်း၏သား ပါဝင်ခဲ့ကြောင်း ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့သည့် သင်္ဃန်းကျွန်းမြိုနယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ (PP) မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ပါတီ(PP)မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က ၎င်း၏သားသည် ၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်းနှင့် မကြာသေးမီကမှ ထောင်မှ လွတ်မြောက်ခဲ့ကြောင်း ပြောဆို၍ မဲဆွယ်စည်းရုံးသည့် ရုပ်သံကို ထုတ်လွှင့်ပြောဆိုထားကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ဦးလွင်မြင့်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ မီဒီယာများ၏ မေးမြန်းထားမှုအပေါ် UEC က “ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေး ပြောဆိုသူဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ UEC မှ ဖြေကြားပေးနိုင်ပါရန် နောင်တော်လေး Myanmar National Post ၏ မေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်းပါအကြောင်းအရာ မှန်ကန်ပါက တရားစွဲအဖွဲအစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို အရေးယူဆောင်ရွက်ပြီးလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။
ထိုသို့ UEC က ဖြေကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၇ ရက်တွင် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
