၈. ၁. ၂၀၂၆
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၂ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း ဒေါ်လာ ၁ ဒသမ ၀၇၇ ဘီလျံအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၃၆ သန်း ထုတ်ရောင်းပေးထားသည်။
ယခု ဇန်နဝါရီလ ၇ ရက်တွင် ဒေါ်လာ ၂၂ သန်း ထုတ်ရောင်းရန် ကြေညာထားမှုအပါအဝင် ယခု ဘဏ္ဍာနှစ် ကိုးလကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၀၇၇ သန်း (၁ ဒသမ ၀၇၇ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်၌ စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အလယ်နှင့်လကုန်ပိုင်းတွင် ဈေးနှုန်းကျဆင်းခဲ့သလို ယခုဇန်နဝါရီလဆန်းတွင်လည်း အနည်းငယ် ကျဆင်းခဲ့သည်။ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၈၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၄၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂,၅၈၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။
