၈. ၁. ၂၀၂၆
Written by Nyein Kyaw
Rice Export Zone များကို ဧက ၃၄၀,၀၀၀ ဖြင့် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ဇုန်အတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ကျပ် ၄၅၀,၀၀၀ နှုန်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း (MRF) မှ သိရသည်။
ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး ရည်မှန်းချက်အောင်မြင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က Rice Export Zone များကို ပူးပေါင်းစီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းလုပ်ငန်းများအကောင်အထည်ဖော်နိုင်ရန် ဇန်နဝါရီလ ၅ ရက်တွင် Rice Export Zone များ အကောင်အထည်ဖော်ရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် Rice Export Zone များ အကောင်အထည်ဖော်နိုင်ရေးအပြင် စပါးပြန်လည်ကောက်ခံသိမ်းဆည်းရေးနှင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ရေရှည်စနစ်တကျ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပုံစံများအပေါ် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာဆန်စပါးအသင်းချုပ်မှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့သို့ အရင်းမပျောက်မတည်ငွေ ကျပ် ၁ ဒသမ ၂၅ ဘီလျံ ထည့်ဝင်မှုဖြင့် စိုက်ဧက ၅,၀၀၀ တွင် ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း အသေးစိတ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Photo- MOI
