နေမိုး
၈. ၁. ၂၀၂၅
ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ သီရိဝေ လက်ဖက်ရည်ဆိုင်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို ပဲခူး PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဦးထွန်းထွန်းဝင်း(၅၁)နှစ်သည် ကျေးရွာရှိ “သီရိဝေ” လက်ဖက်ရည်ဆိုင်၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးထွန်းထွန်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့၍ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို PDF များက သတ်ဖြတ်မှုများပြားသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးရမိမှု မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
