၈. ၁. ၂၀၂၆
Translated by Thettant
မလေးရှား စစ်တပ်၏ စစ်ဦးစီးချုပ်ဟောင်း မူဟာမက် ဟာဖီဇူဒင်း ဂျန်တန်ကို အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC) က ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၇ ရက်) က ပူထရာဂျာယ (Putrajaya) ရှိ MACC ဌာနချုပ်သို့ လာရောက်ကာ စစ်ဘက်ဆိုင်ရာ တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိစုံစမ်းနေသော အမှုတွင် ထွက်ဆိုချက်ပေးပြီးနောက် ၎င်း၏ ဇနီးနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်။
ထို့အပြင် ထိုနေ့အစောပိုင်းကလည်း အဆိုပါအမှုနှင့် ဆက်နွှယ်၍ အခြားလင်မယားတစ်စုံကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို (၇) ရက်ကြာ ချုပ်မိန့် (Remand) ရယူထားကြောင်း သိရသည်။
မူဟာမက် ဟာဖီဇူဒင်းနှင့် ၎င်း၏ ဇနီးနှစ်ဦးကို ချုပ်မိန့်ရယူရန်အတွက် ကြာသပတေးနေ့(ယနေ့) တွင် ပူထရာဂျာယ တရားရုံးသို့ ပို့ဆောင်မည်ဖြစ်သည်။
MACC ကော်မရှင်နာမင်းကြီး အာဇမ် ဘာကီ (Azam Baki) က အဆိုပါဖမ်းဆီးမှုများကို အတည်ပြုခဲ့ပြီး ယခုအမှုအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
၎င်းက “MACC အနေနဲ့ ဒီစုံစမ်းစစ်ဆေးမှုကို တရားမျှတမှုရှိရှိနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု ပြောကြားခဲ့သည်။
စစ်ဘက်ဆိုင်ရာ တင်ဒါကိစ္စရပ်များကို စုံစမ်းစစ်ဆေးမှုများ ကျယ်ပြန့်လာရာတွင် ယခု မူဟာမက် ဟာဖီဇူဒင်း ဂျန်တန်အား ဖမ်းဆီးခြင်းမှာ နောက်ဆုံးဖြစ်ပေါ်လာသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဖမ်းဆီးမှုသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းဝယ်ယူရေးနှင့် ကန်ထရိုက်စာချုပ်ဆိုင်ရာ အဂတိအပေါ် အခြေခံထားမှုကြောင့် အဂတိလိုက်စားမှု ပမာဏမှာ မလေးရှားရင်းဂစ် သန်းပေါင်းများစွာ ရှိနိုင်သည်ဟု ခန့်မှန်းကြသော်လည်း အသေးစိတ်ပမာဏကိုမူ ထုတ်ပြန်ခြင်းမရှိသေးချေ။
မူဟာမက် ဟာဖီဇူဒင်း ဂျန်တန်သည် ၂၀၂၃ စက်တင်ဘာတွင် စစ်ဦးစီးချုပ်ဖြစ်လာခဲ့ပြီး အငြိမ်းစားမယူမီ ၂၀၂၄ စက်တင်ဘာတွင် စတင်စုံစမ်းစစ်ဆေးခြင်းခံရကာ ယင်းလက်ထက် စစ်ရေးအသုံးစရိတ်မှာလည်း ၂၀၂၃ ခုနှစ်တွင် မလေးရှားရင်းဂစ် ၁၇ ဒသမ ၇ ဘီလျံမှ ယင်းအတည်ပြုခဲ့သည့် ၂၀၂၄ ခုတွင်တွင် ရင်းဂစ် ၁၉ ဒသမ ၇ ဘီလျံအထိ ဆယ်ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။
Ref: SCMP
