(The Straits Times သတင်းဌာနတွင် ဖော်ပြထားသော ” Businesses fighting for survival amid Myanmar’s political limbo hope for reset with polls ” ဟူသော ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ် ပြန်ဆိုထားပါသည်။)
သတိုး
၃၀ . ၁၂. ၂၀၂၅
ရန်ကုန် – စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် စိတ်ပျက်အားလျော့နေပုံရသည်။ အဆိုပါ လုပ်ငန်းရှင်၏ ကုမ္ပဏီတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးပဋိပက္ခမတိုင်မီက အလုပ်သမား ၆၀၀ အထိ ခန့်အပ်ထားခဲ့သော်လည်း ယခုအခါ ထက်ဝက်ကျော် လျော့နည်းသွားပြီဖြစ်သည်။
“ကျွန်တော်တို့ ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ခံနေရပါတယ်။ စီးပွားရေး အလားအလာ မရှိတာနဲ့ စစ်မှုထမ်းဥပဒေရဲ့ ရိုက်ခတ်မှုတွေကြောင့် လူငယ်ပညာတတ်တွေ အများကြီး ပြည်ပကို ထွက်ခွာကုန်ကြပြီ” ဟု ၎င်းက ဆိုသည်။
အဆိုပါ မြန်မာလုပ်ငန်းရှင်က စကားကို လှည့်ပတ်မပြောဘဲ “ငွေကြေးဖောင်းပွမှု၊ ပညာတတ်များစွာ ပြည်ပထွက်ခွာမှုနဲ့ နယ်ဘက်က ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းပေါင်းစုံ (Poly-crisis) ဟာ အဆုံးစွန်ကို ရောက်နေပြီ” ဟု ပြောကြားခဲ့သည်။
ထို့ကြောင့်ပင် ယခုကျင်းပနေသော မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသည် ကန့်သတ်ချက်များ ရှိနေသော်လည်း ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ရှေ့ပြေးနိမိတ် ဖြစ်လာနိုင်မလားဟူသည့် မျှော်လင့်ချက်လေးတစ်ခုကို လုပ်ငန်းရှင်က ဆုပ်ကိုင်ထားခြင်းဖြစ်သည်။
“ရွေးကောက်ပွဲက ပြီးပြည့်စုံတဲ့ အဖြေမဟုတ်ပေမဲ့ ကမ္ဘာနဲ့ ချိတ်ဆက်နိုင်ပြီး ကျွန်တော်တို့ရဲ့ ငွေကြေးတန်ဖိုးကို ကာကွယ်ပေးမယ့် ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်နိုင်မယ့် တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ဆီကို သွားမယ့် လက်တွေ့ကျတဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသား အချို့ကမူ ရွေးကောက်ပွဲကို လက်မခံလိုကြချေ။
သို့သော်လည်း နိုင်ငံရေးအရ မရေရာသည့် အခြေအနေများမှ ထွက်ပေါ်လာသော ခက်ခဲလှသည့် လုပ်ငန်းလည်ပတ်မှု စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော စက်မှုလုပ်ငန်းရှင် ငါးဦးကမူ The Straits Times သို့ အခြားတစ်ဖက်မှ ရှုမြင်ချက်ကို ပြောကြားခဲ့သည်။ ၎င်းတို့အားလုံးမှာ ဘက်အသီးသီး၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သဖြင့် အမည်မဖော်လိုကြပေ။
နှစ်ပေါင်း ၃၀ ကြာ လုပ်ငန်းလုပ်ကိုင်လာသည့် လုပ်ငန်းရှင်တစ်ဦးကမူ ရွေးကောက်ပွဲသည် လုပ်ငန်းလည်ပတ်မှု တည်ငြိမ်လာဖို့ ပြန်လည်စတင်သည့် ခြေလှမ်းတစ်ခု ဖြစ်နိုင်ပါသည်ဟု ဆိုသည်။

“စီးပွားရေး အသိုင်းအဝိုင်းအတွက်ကတော့ ဒါဟာ နိုင်ငံရေးအရ ထောက်ခံတာမျိုး မဟုတ်ဘဲ လူသားချင်းစာနာမှုနဲ့ စီးပွားရေးအရ ရှင်သန်ရပ်တည်ရေးအတွက်ပါ” ဟု အဆိုပါ လုပ်ငန်းရှင်က အခိုင်အမာ ပြောသည့်အပြင် “ကျွန်တော်တို့မှာ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် တာဝန်ရှိပါတယ်။ အမြဲတမ်း အုပ်ချုပ်ရေး ယန္တရားတစ်ခုဆီကို သွားနိုင်မယ့် ဘယ်လိုလမ်းကြောင်းမျိုးကိုမဆို လျစ်လျူရှုလိုက်တာဟာ ဆင်းရဲမွဲတေမှုနဲ့ ပညာတတ်တွေ ဆုံးရှုံးမှုကို ဆက်လက်လက်ခံလိုက်တာနဲ့ အတူတူပါပဲ။”ဟု ဆက်လက်ပြောသည်။
သို့သော်လည်း လေ့လာဆန်းစစ်သူများကမူ ရွေးကောက်ပွဲအပြီးတွင် မြန်မာ့စီးပွားရေး ပြန်ကောင်းလာမည်ကို သံသယဝင်နေကြသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar မှ သုတေသန အကြံပေး ဒေါက်တာဝေယံဖြိုးနိုင်ကမူ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရသစ်တွင် တပ်မတော်နှင့် ဆက်နွှယ်သူများသာ ဆက်လက်ပါဝင်နေပါက ရင်းနှီးမြှုပ်နှံသူများ ဆက်လက် သတိထားနေရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အဲဒီလို အခြေအနေမျိုးအောက်မှာ ဖြစ်ပေါ်လာမယ့် စီးပွားရေး နာလန်ထူမှုဆိုတာဟာ အကန့်အသတ်တွေ ရှိနေမှာဖြစ်ပြီး အလွန်ပဲ ထိခိုက်လွယ်ပါလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။
မြန်မာနိုင်ငံသည် သုံးဆင့်ခွဲ၍ ကျင်းပမည့် ရွေးကောက်ပွဲ၏ ပထမအဆင့်ကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ပြီး ကျန်ရှိသည့် အဆင့်များကို ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ၂၆၅ မြို့နယ်တွင် ကနဦး ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းအချို့မှာမူ မြောက်ပိုင်းကို ထိန်းချုပ်ထားသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားသော ရခိုင်လက်နက်ကိုင် (AA) ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်အောက်သို့ ရောက်ရှိနေသည်။ PDF တပ်ဖွဲ့များကလည်း နယ်မြေအချို့ကို သိမ်းပိုက်ထားသည်။

ဝေဖန်ခံနေရသော ဤရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရမည်ဟု ခန့်မှန်းရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာမူ ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သဖြင့် ဖျက်သိမ်းခြင်း ခံထားရသည်။
အာဏာပဋိပက္ခဖြစ်ပွားပြီးကတည်းက လူဦးရေ သန်း ၅၀ ကျော်ရှိသော ဤနိုင်ငံသည် ကျယ်ပြန့်သော လက်နက်ကိုင် ပဋိပက္ခများနှင့် စီးပွားရေး ကျဆင်းမှုများ အပါအဝင် ဖွံ့ဖြိုးတိုးတက်ခြင်းဆုတ်ယုတ်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။
လူသုံးကုန် ပစ္စည်းများ ရောင်းချသည့် ဒေသခံလုပ်ငန်းရှင် တစ်ဦးက “လုပ်ငန်းလည်ပတ်ရတာဟာ ခံနိုင်ရည်အားကို အဆုံးစွန် စမ်းသပ်ခံနေရသလိုပဲ” ဟု ဆိုကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ကုန်စျေးနှုန်းများ အဆက်မပြတ် မြင့်တက်နေကြောင်း ပြောကြားခဲ့သည်။ မြန်မာကျပ်ငွေသည် ၂၀၂၁ ခုနှစ်တွင် တစ်ဒေါ်လာ ၁,၃၃၀ ကျပ်သာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် တစ်ဒေါ်လာ ၄,၅၂၀ ကျပ်အထိ ထိုးဆင်းသွားကြောင်း ဇန်နဝါရီလထုတ် ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
“သွင်းကုန်အပေါ် တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေနဲ့ လိုင်စင် လိုအပ်ချက်တွေက ပိုပြီး ခက်ခဲစေပါတယ်။ ပို့ကုန်ဝင်ငွေတွေကို မဖြစ်မနေ လဲလှယ်ခိုင်းတာ အပါအဝင် ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ တင်းကျပ်မှုတွေက ကျွန်တော်တို့ရဲ့ ပို့ကုန်တွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့အောင် လုပ်လိုက်တာပဲ” ဟု အဆိုပါ လုပ်ငန်းရှင်က ထပ်လောင်းပြောသည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အဆိုအရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ အမှန်တကယ် ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) သည် ၂၀၂၆ မတ်လကုန်တွင် ၂ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟု ဆိုသည်။ သို့သော်လည်း ငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ထိခိုက်ခံစားရသူများအတွက် ပစ်မှတ်ထား ကူညီမှုများကြောင့် အားတက်ဖွယ် နာလန်ထူနိုင်သည့် အလားအလာ အချို့ရှိသည်ဟု ရှုမြင်ထားသည်။
၂၀၂၅ မတ်လတွင် ပြင်းအား ၇ ဒသမ ၇ ရှိသော မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး ၉ သန်းမှာ အပြင်းအထန် ခံစားခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လတွင် ပြောကြားခဲ့သည်။
ထို့အတူ ၂၀၂၁ ဖြစ်စဉ်နောက်ပိုင်း နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ Telenor၊ အမေရိကန် စွမ်းအင် ကုမ္ပဏီ Chevron နှင့် စင်ကာပူ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Emerging Towns & Cities တို့ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများအပြား နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့သည်။
မြန်မာနိုင်ငံသည် ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ လက်နက်ကိုင်အင်အားစုများနှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် အမျိုးသား (အသက် ၁၈ မှ ၃၅) နှင့် အမျိုးသမီး (အသက် ၁၈ မှ ၂၇) များအတွက် စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ခြင်းကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးခဲ့ကြသည်။
နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပညာရေး ကဏ္ဍတွင်လည်း အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အောက်တိုဘာလ အစီရင်ခံစာအရ မြန်မာလူငယ် လေးဦးတွင် တစ်ဦး (သို့မဟုတ်) ၄ သန်းခန့်မှာ အလုပ်လက်မဲ့ ဖြစ်နေသည်။
ထိုအခက်အခဲများမှာ ရွေးကောက်ပွဲအပြီး လွန်မြောက်သွားရန်လည်း နှစ်ရှည်မြှုပ်နှံလုပ်ကိုင်နေသည့် လုပ်ငန်းရှင်နောက်တစ်ဦးကလည်း မျှော်လင့်နေပြီး “ထိရောက်တဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုရှိမှသာ ရင်းနှီးမြှုပ်နှံမှုကို အားပေးတဲ့၊ စက်မှုကဏ္ဍကို မြှင့်တင်ပေးတဲ့၊ ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း Lowy Institute မှ အကြီးတန်း သုတေသနပညာရှင် Dr Sean Turnell က The Straits Times သို့ ပြောကြားရာတွင် “ဒီကာလမှာ စီးပွားရေး မူဝါဒကောင်းတွေ ထွက်လာဖို့ မျှော်လင့်တာက လက်တွေ့မကျဘူးဆိုတာ လုပ်ငန်းရှင်တွေ ကိုယ်တိုင်လည်း သိမှာပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်းဖြစ်သူ Dr Turnell က တပ်မတော်သည် ၎င်းတို့ အုပ်ချုပ်ခဲ့သည့် ၅ နှစ်အတွင်း စီးပွားရေး မူဝါဒကောင်းများ ချမှတ်ရန် အခွင့်အရေးရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ခန့်မှန်း GDP ကို ထက်ဝက်ခန့် လျော့ကျသွားအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲသည်။
ထို့အတူ ဒေါက်တာဝေယံဖြိုးနိုင်ကလည်း စီးပွားရေး ပြန်ကောင်းမလား ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ တရားဥပဒေ စိုးမိုးမှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များ သိသိသာသာ တိုးတက်လာမှု ရှိမရှိအပေါ်တွင် မူတည်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
သို့သော်လည်း The Straits Times နှင့် စကားပြောခဲ့သော လုပ်ငန်းရှင်များမှာမူ ရွေးကောက်ပွဲအပြီး မြန်မာ့စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်စွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဆိုသည့် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြပေ။
“ကျွန်တော်တို့က စီးပွားရေးကို ပြန်စတင်နိုင်မယ့် အလုပ်ဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာဖို့ပဲ တိုက်တွန်းနေတာပါ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
Ref : The Straits Times/ANN
