◾️ အာဏာသိမ်းစစ်အစိုးရ၏ အဓိကပုဂ္ဂိုလ် သေဆုံးမှုသည် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မာလီစစ်အစိုးရအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်လာ
သတိုး
၂၇. ၄. ၂၀၂၆
မာလီနိုင်ငံတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာနေရာများကို အစ္စလာမ္မစ်အစွန်းရောက်သူပုန်များက ပေါင်းစပ်ညှိနှိုင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များအတွင်း မာလီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဆော်ဒီယို ကာမာရာ သေဆုံးသွားပြီဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ အူဆာ အော့စ်မိန်း ကော်လီဘလီ၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ ဝန်ကြီး ကာမာရာသည် ၎င်း၏နေအိမ် တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ မြို့တော် ဘာမာကိုနှင့် ၁၅ ကီလိုမီတာခန့်ကွာဝေးသော ကာတီတပ်မြို့ရှိ ၎င်း၏နေအိမ်ကို စနေနေ့တွင် အယ်လ်ကိုင်ဒါ (al-Qaeda) နှင့် ဆက်နွှယ်သောအဖွဲ့နှင့် တူအာရက် (Tuareg) သူပုန်များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ကာမာရာ၏ ဒုတိယဇနီးနှင့် မြေးနှစ်ဦးတို့လည်း သေဆုံးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
ဗိုလ်ချုပ်ကာမာရာသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုများအပြီး အာဏာရယူခဲ့သည့် စစ်အစိုးရ၏ ဗဟိုချက်မတွင်ရှိသော အရှိဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ၎င်းအား ကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ ဒုတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ၎င်းကို စစ်အစိုးရ၏ ဒေါက်တိုင်နှင့် အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်သူဟုလည်း ရှုမြင်ကြသည်။ ၎င်းသေဆုံးမှုသည် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
တိုက်ခိုက်ခံရသည့် ကာတီမြို့သည် နိုင်ငံအတွင်း လုံခြုံရေး အကောင်းဆုံးနေရာတစ်ခုဟု ယူဆထားသော်လည်း JNIM (အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သောအဖွဲ့) နှင့် FLA (တူအာရက် တိုက်ခိုက်ရေးသမားများ) တို့က အသေခံကားဗုံးများ အသုံးပြု၍ ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယာယီသမ္မတ Assimi Goita သည်လည်း အဆိုပါမြို့တွင် နေထိုင်သော်လည်း ၎င်းကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိဘဲ စစ်တပ်ကို ဆက်လက်ကွပ်ကဲနေကြောင်း သိရသည်။
လက်နက်ကိုင်များ၏ ဧပြီ ၂၅ ရက်က စတင်သော တိုက်ခိုက်မှုများတွင် မြို့တော် ဘာမာကို အပါအဝင် မြောက်ပိုင်းရှိ ဂေါနှင့် ကီဒယ်လ်မြို့များ၊ အလယ်ပိုင်းရှိ ဆီဗဲလ်မြို့များ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်မှု စတင်ပြီးနောက် ၂၄ နာရီကျော်သည်အထိ ကီဒယ်လ်မြို့တွင် ပေါက်ကွဲသံနှင့် သေနတ်သံများ ကြားနေရဆဲဖြစ်ကြောင်း သိရသည်။
ယခင်က အချင်းချင်း တိုက်ခိုက်နေကြသည့် အစ္စလာမ္မစ်အစွန်းရောက်များနှင့် ခွဲထွက်ရေးသူပုန်များသည် ဘုံရန်သူဖြစ်သည့် မာလီအစိုးရကို တိုက်ခိုက်ရန် ပြီးခဲ့သည့်နှစ်တွင် မဟာမိတ်ဖွဲ့ခဲ့ကြပြီး ယခုအခါ အဆိုပါသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော် တိုက်ခိုက်လာကြခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ အာဖရိကသမဂ္ဂ (AU)၊ အမေရိကန် နှင့် ဥရောပသမဂ္ဂ (EU) တို့ကမူ ဤအကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
Ref : Al Jazeera
