◾ ကြင်နာမှုဟာ ဖိလစ်ပိုင်လူမျိုးတို့ရဲ့ မျိုးရိုးဗီဇထဲမှာ ကိုပါဝင်သလို စုပေါင်းပြန်လည်ထူထောင်ရေး စိတ်ဓာတ်ကလည်း ဖိလစ်ပိုင်လူမျိုးတို့ ဓလေ့ဟုဆို




၂၇.၄.၂၀၂၆.
Translated by Htwe Ko Tun
ယနေ့ကာလ ကမ္ဘာကြီးမှာ ဖိလစ်ပိုင်နိုင်ငံဟာလည်း တခြား ကမ္ဘာ့နိုင်ငံအတော်များများမှာလိုပဲ အရှေ့ အလယ်ပိုင်းပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ယာဉ်မောင်းတွေမှာလည်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာမှုက သူတို့ရဲ့ နဂိုကမှ နည်းပါးနေတဲ့ ဝင်ငွေကို ထိခိုက်စေကာ ဝင်ငွေလျော့ကျမှု အခက်အခဲတွေကို ကြုံနေကြရပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မတ်လမှစလို့ ဒီဇယ်နဲ့ ဓာတ်ဆီဈေးနှုန်းတွေက သုံးဆနီးပါး မြင့်တက်လာခဲ့တာ ကြောင့် နိုင်ငံအတွင်း ထင်ရှားတဲ့ ဂျစ်ပနီကားတွေရဲ့ ယာဉ်မောင်းတွေမှာ နေ့စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၀ မှ အနည်းဆုံး ခြောက် အမေရိကန်ဒေါ်လာ အထိ ကျဆင်းသွားခဲ့ကြရပါတယ်။
ဒီမှာ နေ့စဉ်ဘဝအတွက် အခက်အခဲတွေ့နေကြရတဲ့ သူတို့ကို လမ်းပေါ်မှာ ဆက်လက်လည်ပတ်နိုင်စေဖို့ရာ အစိုးရရဲ့ အကူအညီကလည်း သူတို့ လိုအပ်တာထက် နည်းပါးလာပါတယ်။ ဒီမှာ အခက်အခဲ တွေ့နေရတဲ့ သူတို့ကို လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ရပ်ရွာအဖွဲ့တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ယာယီ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဝင်ရောက်ကူညီဆောင်ရွက်ပေးလာကြတာ ဝမ်းမြောက်ကြည်နူးဖွယ် တွေ့ကြရပါတယ်။
ဒီလိုအစားအစာကျွေးခြင်းအစီအစဉ်တွေနဲ့ အလှူငွေလှူဒါန်းမှုတွေလည်းပါဝင်တဲ့ ပံ့ပိုးကူညီဆောင်ရွက်မှု တွေက မကြာသေးမီရက်သတ္တပတ်တွေအတွင်းမှာပဲ နိုင်ငံတစ်ဝန်းပျံ့နှံ့သွားခဲ့ပြီး အခက်အခဲကြုံတွေ့ နေရတဲ့ ဂျစ်ပနီ ယာဉ်မောင်းအဖွဲ့တွေကို ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့ကြပါတယ်။
ဒါပေမယ့် အခုလို ကြားကာလအစီအမံတွေက ရေရှည်အတွက်တော့ မလုံလောက်ဘူးဆိုတာ စောင့်ကြည့်လေ့လာသူတွေက သတိပေးထားပြီး ဆင်းရဲမွဲတေမှုနဲ့ အစားအစာမလုံလောက်မှုဆိုင်ရာ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းဖို့ ပိုမိုရေရှည်တည်တံ့တဲ့ နည်းလမ်းတွေ လိုအပ်တယ်လို့ ပြောခဲ့ကြပါတယ်။
အခက်အခဲကြုံတွေ့နေရတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်မောင်းတွေအတွက် အာဟာရပြည့် ဝတဲ့ အစားအစာတွေ ပြင်ဆင်ဖို့ စားသောက်ဆိုင်အချို့ကလည်း ဝင်ရောက်ကူညီခဲ့ကြပါတယ်။ မနီလာ မြို့တော်ရဲ့ အရှေ့ဘက်ပိုင်းတစ်လျှောက် မာရီကီနာ Marikina မြို့ရှိ Trining’s Kitchen Stories စားသောက်ဆိုင်လေးဆိုရင် ယင်းအစားအစာတွေအတွက် တစ်ဦးချင်းအလှူရှင်တွေ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေနဲ့ ရပ်ရွာအဖွဲ့တွေမှ ရန်ပုံငွေထောက်ပံ့မှုတွေနဲ့ ဆောင်ရွက်နေတာပါ။
စားသောက်ဆိုင်ငယ်လေးသည် ပူပူနွေးနွေး အစားအစာ ၁၀၀၀ ကျော်ကို ဖြန့်ဝေပြီးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင် ဂျေဆန် မောလစ် (Jayson Maulit) က“တစ်စုံတစ်ယောက်က ဦးဆောင်မယ်ဆိုရင် လူတွေဟာ လှူဒါန်းဖို့နဲ့ တခြားသူတွေကို ကြင်နာဖို့ ပိုပြီး ရဲရင့်လာမှာပါ။ ကြင်နာမှုဟာ ဖိလစ်ပိုင်လူမျိူးတွေရဲ့ မျိုးရိုး ဗီဇ မှာ ရှိပြီးသားဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့လို အလွန်သေးငယ်တဲ့ မီးဖိုချောင်တစ်ခုက ဒီလိုလုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်မယ်ဆိုရင် အာဏာရှိသူတွေအတွက် ပိုကြီးတဲ့အရာတစ်ခုကို တကယ်လုပ်ဖို့ ဆင်ခြေပေးနေဖို့မရှိပါဘူး။” လို့ သူက ဆက်ပြီးပြောခဲ့ပါတယ်။ စားပွဲတွေ ပြင်ဆင်ပြီးတာနဲ့ ပို့ဆောင်ရေးယာဉ်မောင်းတွေနဲ့ သုံးဘီးဆိုင်ကယ် မောင်းသူအများအပြားဟာ စားသောက်ဆိုင်ကို ထမင်းစားဖို့ စုရုံးရောက်ရှိလာကြတာ တွေ့နေရပါတယ်။
K-pop ပရိသတ်အဖွဲ့အမျိုးမျိုးက ယာဉ်မောင်းတွေကို လှူဒါန်းခဲ့ကြသလို ဒေသခံအနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖျော်ဖြေပွဲတွေမှ ရရှိတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို အခက်အခဲတွေ့နေကြတဲ့ ယာဉ်မောင်းတွေကို ကူညီခဲ့ကြပါတယ်။
စေတနာ့ဝန်ထမ်းတွေက ဦးစီးလုပ်ဆောင်တဲ့ လမ်းဘေးဆိုင်လေးတွေကလည်း လိုအပ်သူတွေအတွက် ဆန်နဲ့ စည်သွပ်ဘူးလို မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေပါတယ်။
အသက် ၆၀ အရွယ် အက်စ်မီ ရာလ်ဒါ ဂရီမာလ်ဒို-လာနာ (Esmeralda Grimaldo-Lana) ဆိုရင် ကပ်ရောဂါဖြစ်ပွားပြီးကတည်းက နေရာအမျိုးမျိုးမှာ အပတ်စဉ် ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေမှုတွေကို စီစဉ်ပေးခဲ့ပြီး အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ကွန်ရက်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။
ခုလို လူမှုအသိုင်းအဝိုင်း ကူညီထောက်ပံ့မှုနဲ့ အခက်အခဲတွေ့နေတဲ့ ဝင်ငွေနည်းမိသားစုတွေကို ကူညီ ထောက်ပံ့တာက ဖိလစ်ပိုင်မှာ အခုမှ မဟုတ်ပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကာလကလည်း ခုလိုပဲ ကူညီ ထောက်ပံ့မှုတွေလုပ်ခဲ့ကြတာပါ။
ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံမှာ ရပ်ရွာထောက်ပံ့ရေးပစ္စည်းတွေနဲ့ ကျွေးမွေးရေးအစီအစဉ်တွေက အကျပ်အတည်း ကာလတွေမှာ စုပေါင်းပြန်လည်ထူထောင်ရေးစိတ်ဓာတ်ကို ထင်ဟပ်စေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဓလေထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာတယ်လို့ ဆိုရတော့မှာပါ။
Ref- CNA
