သက်တံ့
၂၇. ၄. ၂၀၂၆
ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဧပြီ ၂၆ ရက်က ထိုင်းအလုပ်သမားများနှင့် တရုတ်အလုပ်သမားများအကြား ပြင်းထန်သော ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး လူအများအပြား မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ရယောင်းပြည်နယ်၊ နီခွန်ဖတ်သနာခရိုင်၊ မပ်ခါရပ်ကွက်ရှိ လုပ်ငန်းခွင်တစ်ခုတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အုပ်စုမှ အလုပ်သမား အများအပြားသည် အပြင်းအထန် စကားများရန်ဖြစ်ရာမှတစ်ဆင့် လက်ရောက်တိုက်ခိုက်သည့်အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများအရ အလုပ်သမားဝတ်စုံနှင့် ဘေးကင်းလုံခြုံရေး ဦးထုပ်များ ဆောင်းထားသည့် အလုပ်သမားများသည် အချင်းချင်း ထိုးနှက်ကြသည့်အပြင် အနီးနားရှိ ဆောက်လုပ်ရေးသုံး ကိရိယာများကိုပါ လက်နက်အဖြစ် အသုံးပြုခဲ့ကြသည်ကို တွေ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုသည် ဆိုင်ကယ်ရပ်နားစခန်းနှင့် ကုန်တင်ကားကြီးများအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိမီအထိ ခေတ္တမျှ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်စလုံးမှ အလုပ်သမားအချို့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြသည်။
ယနေ့ ဧပြီ ၂၇ ရက်တွင် ရဲတပ်ဖွဲ့၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ (ISOC) တို့မှ တာဝန်ရှိသူများသည် အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်ကာ အထောက်အထားများ စုဆောင်းခဲ့ကြသည်။ ဖြစ်စဉ်မှန်ကို သိရှိနိုင်ရန် လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးလျက်ရှိပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လူစုလူဝေးဖြင့် ဆူပူမှုတို့ဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်။
လုပ်ငန်းခွင်တာဝန်ရှိသူများသည် ထပ်မံခိုက်ရန်မဖြစ်စေရန်အတွက် လုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်းထားခြင်း၊ ထိုင်းနှင့် တရုတ်အလုပ်သမားများကို သီးခြားစီ ခွဲထားခြင်းနှင့် ဘာသာစကားအခက်အခဲသည် ယခုပဋိပက္ခ၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း စုံစမ်းသိရှိရသောကြောင့် စကားပြန်များ ငှားရမ်း၍ ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေသည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များက အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းထားပြီး ယခုကဲ့သို့ အခြေအနေ ပိုမိုဆိုးရွားလာပါက ပြည်နယ်အတွင်းရှိ စက်မှုဇုန်များအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် နိုင်ငံခြားလုပ်သား စီမံခန့်ခွဲမှုပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။
Ref : Khaosod
