သက်တံ့
၂၇. ၄. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအတော်များများတွင် ရာသီအလိုက် မိုးသက်လေပြင်းများ တိုက်ခိုက်ပြီး မိုးကြိုးပစ်မှုများကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ရုတ်တရက် မိုးသက်လေပြင်းများကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပြင်းထန်သော မိုးကြိုးပစ်မှုများ ဖြစ်ပေါ်ခဲ့ရာ ခရိုင်အတော်များများတွင် သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ကွင်းပြင်များတွင် အလုပ်လုပ်နေသည့် တောင်သူများနှင့် အမိုးအကာမရှိသော နေရာများသို့ ရောက်ရှိနေသည့် အလုပ်သမားများဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ဆိုသည်။ အခြားထိခိုက်ဒဏ်ရာရသူ အများအပြားကိုလည်း အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ထားပြီး အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် မိုးကြိုးပစ်မှုကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးလေ့ရှိသည်။ ၂၀၁၆ ခုနှစ် မေလတစ်လတည်းတွင် မိုးကြိုးပစ်မှုကြောင့် လူပေါင်း ၂၀၀ ကျော် (တစ်ရက်တည်းမှာပင် ၈၂ ဦးအထိ) သေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက မိုးကြိုးပစ်ခြင်းကို သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။
ပညာရှင်များ၏ အဆိုအရ မိုးကြိုးပစ်၍ သေဆုံးမှု ပိုမိုများပြားလာခြင်းသည် သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေကြောင်း သိရသည်။ ယခင်က လူတို့အနီးသို့ မိုးကြိုးမကျရောက်အောင် ဆွဲဆောင်ပေးနိုင်သည့် မြင့်မားသော သစ်ပင်ကြီးများ ပျောက်ကွယ်သွားခြင်းကြောင့် ယခုကဲ့သို့ လူများကို တိုက်ရိုက်ထိမှန်မှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။
အပူရှိန်နှင့် စိုထိုင်းဆ မြင့်တက်မှုကြောင့် ရာသီဥတု မတည်ငြိမ်ဖြစ်တတ်သည့် မိုးကြိုကာလ (ဧပြီလမှ ဇွန်လအတွင်း) တွင် မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုများမှာ အဖြစ်များလေ့ရှိကြောင်း သိရသည်။
Ref : Reuters
