သက်တံ့
၂၇. ၄. ၂၀၂၆
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းတွင် စနေနေ့က ခရီးသည်တင်အဝေးပြေးဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူ ၂၀ သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို “အကြမ်းဖက်မှု” ဟု ကိုလံဘီယာစစ်ဘက်အကြီးအကဲက ပြောကြားခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အနည်းဆုံး ၃၆ ဦးရှိကြောင်း သိရသည်။
အဆိုပါဒေသတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာနေချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ကာအူကာပြည်နယ်၊ ကာဂျီဘီယိုမြို့နယ်ရှိ ပန်အမေရိကန် အဝေးပြေးလမ်းမပေါ်တွင် ဘတ်စ်ကားမောင်းနှင်နေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၅ ရက်က ဖြစ်ပွားသော အဆိုပါဖြစ်စဉ်တွင် သေဆုံးသူ ၂၀ ဦးရှိသည့်အပြင် ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် ၅ ဦး ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် သွားဘက်ဆိုင်ရာကျွမ်းကျင်သူများ၊ မနုဿဗေဒပညာရှင်များနှင့် မှုခင်းဆရာဝန်များက စစ်ဆေးလျက်ရှိသည်။
ကိုလံဘီယာလက်နက်ကိုင်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Hugo López က ဤဖြစ်ရပ်သည် “အကြမ်းဖက်လုပ်ရပ်” ဖြစ်ကြောင်း ယနေ့ ပြောကြားခဲ့ပြီး ကိုလံဘီယာတွင် အလိုအရှိဆုံးစာရင်းဝင် “Iván Mordisco” ၏ ကွန်ရက်နှင့် ယင်း၏ အစိတ်အပိုင်းဖြစ်သည့် Marlon ဦးဆောင်သော Jaime Martínez အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသည်။ အဆိုပါအဖွဲ့နှစ်ခုစလုံးသည် ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) မှ ခွဲထွက်လာသည့်အဖွဲ့များဖြစ်ပြီး ၂၀၁၆ ခုနှစ်က အစိုးရနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာခြင်းမရှိကြပေ။
ကိုလံဘီယာသမ္မတ Gustavo Petro ကလည်း ဤတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ကျူးလွန်သူများကို “အကြမ်းဖက်သမားများ၊ ဖက်ဆစ်များနှင့် မူးယစ်မှောင်ခိုသမားများ” ဟု ခေါ်ဆိုခဲ့သည်။
ဤဘတ်စ်ကားတိုက်ခိုက်မှုသည် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဆက်တိုက်ပေါက်ကွဲမှုများအနက် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ကိုလံဘီယာအနောက်တောင်ပိုင်းတွင် အကြမ်းဖက်မှုပေါင်း အနည်းဆုံး ၂၆ ခု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်များတွင် ဂျာမန်ဒီကျေးလက်ဒေသရှိ ရဲစခန်းတစ်ခု သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း၊ အယ်လ်တမ်ဘိုရှိ လေကြောင်းထိန်းသိမ်းရေး ရေဒါစခန်းကို ဗုံးတင်ဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခြင်း (အာဏာပိုင်များက ဒရုန်းများကို ပစ်ချနိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိခဲ့)၊ ကာလီနှင့် ပယ်လ်မီရီယာမြို့များရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအနီးတွင် ကားဗုံးများ ဖောက်ခွဲခံရခြင်းများ ပါဝင်ခဲ့သည်။
လက်ရှိဖြစ်ရပ်များကြောင့် မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းဖြစ်သော ဗျူးနော့ဘန်တူရာဆိပ်ကမ်းသို့ သွားရာလမ်းများကို ထိန်းချုပ်ရန်နှင့် လက်နက်ကိုင်အဖွဲ့များအကြား အပြိုင်အဆိုင်ဖြစ်နေသော ကာအူကာနှင့် ဘယ်လီ ဒဲလ် ကာအူကာဒေသများတွင် လုံခြုံရေးအင်အား တိုးမြှင့်ရန် အစိုးရက ဆောင်ရွက်လျက်ရှိသည်။
အစိုးရသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာကို အဓိကထိန်းချုပ်ထားသော Jaime Martínez ခွဲထွက်ရေးအဖွဲ့၏ ခေါင်းဆောင် “Marlon” ကို ဖမ်းဆီးနိုင်မည့် သတင်းပေးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ပေးမည်ဟု ကမ်းလှမ်းထားသည်။ ကာကွယ်ရေးဝန်ကြီး Pedro Sánchez ကလည်း “ဒီရာဇ၀တ်ကောင်တွေက လူထုကို ကြောက်ရွံ့အောင် လုပ်နေကြတာ၊ ငါတို့ကတော့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။
Ref : NBC World


