၂၇.၄.၂၀၂၆
Written by KL ၊ Nay Young
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာ၊ ကျောက်ပန်းတောင်း-ပုပ္ပါးသွားကားလမ်းပေါ်တွင် ဧပြီလ၂၆ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် မော်တော်ယာဥ်တစ်စီး ရေမျောခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ခရီးသည် ၁၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စု၊ ထန်းပေါက်ကုန်းကျေးရွာမှ လူ ၁၉ ဦးလိုက်ပါလာသော Dayun မော်တော်ယာဥ်မှာ ကျောက်ပန်းတောင်းမြို့ပေါ်သို့ စျေးဝယ်ပြီးအပြန် ဆည်ပေါက်ချောင်းသို့ ဖြတ်ကူးရာမှ ရုတ်တရက်ရေလျှံသဖြင့် မော်တော်ယာဥ်မှာ ရေစီးအတိုင်းမျောပါခဲ့ပြီး ချောင်းအောက်ဖက်သို့ ကားခေါင်းပိုင်းထိုးကျကာ ခရီးသည်များ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆည်ပေါက်ချောင်းအထက်တောင်ပေါ်က ရွာတွေမှာ မိုးရွာပြီးရေများလို့ ချောင်းရေလျှံမှုဖြစ်တာပါ။ ကျောက်ပန်းတောင်းမှာ မနေ့က မိုးမရွာဘူး။ ချောင်းရေကြီးမှုက ခဏပါပဲ။ မကြာခဏလည်းဖြစ်တယ်။ ရေကြီးနေချိန် ဆင်ခြင်ရင်တော့ အန္တရာယ်မကြုံတွေ့နိုင်ပါဘူး။ မြို့ပေါ်မှာ စျေးဝယ်ပြီး ရွာကိုအပြန်မှာ ညနေလည်းစောင်းနေတော့ ရေလျှံတဲ့အချိန်နဲ့တွေ့ပြီးအမြန်ဖြတ်ကူးမိတာနဲ့ တူပါတယ်”ဟု ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ချောင်းရေလျှံမှုကြောင့် ပိတ်မိနေသော ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၁၁ ဦး၊ ကလေးသုံးဦးနှင့် အမျိုးသားငါးဦးတို့ကို ကျောက်ပန်းတောင်းမီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဥ် ၁ စီး၊ ပုပ္ပါးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးက ရှာဖွေကယ်ဆယ်ရေးကြိုးများအသုံးပြုကာ တာဝန်ရှိသူများ၊ ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်များနှင့်ပြည်သူများက ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာ တစ်နာရီကျော်အကြာ ညနေ ၆ နာရီ ၃၄ မိနစ်တွင် အားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
“တောင်ပေါ်မှာ မိုးတွေရွာနေတာ မနေ့ကတည်းကပါ၊ သဘာဝဘေးကိုဂရုစိုက်ကြပါ၊ မပေါ့ဆကြပါနဲ့”ဟု ကျောက်ပန်းတောင်းဒေသခံတစ်ဦးကပြောသည်။
ချောင်းရေမှာ ည ၇ နာရီ ၂၀ ခန့်တွင် ထပ်မံကျဆင်းလာသဖြင့် မော်တော်ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များ သွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကျောက်ပန်းတောင်းမီးသတ်စခန်းထံမှ သိရသည်။
ချောင်းရေထဲနစ်ခဲ့သော မော်တော်ယာဥ်ကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကရိန်းဖြင့် မတင်ကာ ရွေ့ပြောင်းနိုင်ခဲ့သည်။










