၂၇.၄.၂၀၂၆
Translated by Htwe Ko Tun
ဥရောပသမဂ္ဂဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြင်းထန်သော ကုန်ပစ္စည်းယှဉ်ပြိုင်မှုကို တန်ပြန်သည့်အနေဖြင့် ၎င်းအုပ်စု၏ လုပ်ငန်းများကို အထောက်အပံ့ပြု အားပေးရန် ဥရောပသမဂ္ဂ၏ အစီအစဉ်တစ်ခုကို ဧပြီလ ၂၇ ရက်တွင် ပြင်းပြင်းထန်ထန်ဝေဖန်မှုပြုခဲ့ပြီး ၎င်းကိုပြဌာန်းလာပါက တရုတ်နိုင်ငံကလည်း တုံ့ပြန်ဆောင်ရွက်ရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂက ကားများ၊ စိမ်းလန်းသောနည်းပညာနှင့် သံမဏိအပါအဝင် မဟာဗျူဟာကျသောကဏ္ဍများတွင် အများပြည်သူရန်ပုံငွေများကို ရယူရန်ကြိုးစားနေသော ဥရောပကုမ္ပဏီများအတွက် ‘ဥရောပတွင်ပြုလုပ်သည်’ “Made in Europe” စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီများအား ဥရောပသမဂ္ဂက ထုတ်လုပ်သော အစိတ်အပိုင်းများအတွက် အနည်းဆုံးစံနှုန်းများနှင့် ကိုက်ညီစေရန် လိုလိုလားလား ကူညီပေးသွားရန် အစီအစဉ်ကို မတ်လတွင် ဖွင့်ဟပြောကြားခဲ့သည်။
ဆောင်ရွက်မှုအစီအမံများအပေါ် အငြင်းပွားမှုများကြောင့် လပေါင်းများစွာ ကြန့်ကြာနေခဲ့သည့် ထိုအဆိုပြုချက်က ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်နိုင်စွမ်းကို ပြန်လည်ရရှိရန်၊ စက်မှုလုပ်ငန်းကျဆင်းမှုကို လျှော့ချရန်နှင့် သိန်းနှင့်ချီသော အလုပ်အကိုင်ဆုံးရှုံးမှုများကို ကာကွယ်ရန် ကြိုးပမ်းမှု၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။
ထိုအဆိုပြုချက်အပေါ် မှတ်ချက်များကို တရုတ်အစိုးရ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်တွင် ဥရောပကော်မရှင်ထံ တင်သွင်းခဲ့ပြီး စနစ်တကျခွဲခြားဆက်ဆံမှုဟု ခေါ်ဆိုသော ဤလုပ်ရပ်အပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာစိုးရိမ်ကြောင်း ဧပြီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် ထိုအဆိုပြုချက်အား ဥပဒေပြုရေးကို ဆက်လက်လုပ်ဆောင်ပြီး တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထိခိုက်စေပါက တရုတ်နိုင်ငံသည် ၎င်း၏လုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်ရန် တန်ပြန်အစီအမံများချမှတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပါဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် သတိပေးခဲ့သည်။
အဆိုပြုချက်နှင့် သက်ဆိုင်သော ကဏ္ဍများစွာရှိ ဥရောပစီးပွားရေးလုပ်ငန်းများသည် အထောက်အပံ့ များစွာရရှိထားသော တရုတ်ပြိုင်ဘက်များထံမှ မမျှတသောယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကြာမြင့်စွာကပင် ညည်းတွားခဲ့ကြသည်။
“စက်မှုအရှိန်မြှင့်တင်ရေး အက်ဥပဒေ” အဖြစ် တရားဝင်လူသိများသော ဥရောပသမဂ္ဂ အဆိုပြုချက်တွင် နိုင်ငံခြားကုမ္ပဏီများသည် ဥရောပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဥရောပတွင် လုပ်ငန်းတည်ထောင်သည့်အခါ နည်းပညာဆိုင်ရာ အသိပညာများကို လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း ဖော်ပြထားခြင်းဖြင့် ဥရောပရှိ တရုတ်ဘက်ထရီနှင့် လျှပ်စစ်ကားထုတ်လုပ်သူများကို သွယ်ဝိုက်၍ ပစ်မှတ်ထားခြင်းဟုဆိုကြသည်။
ဥရောပသမဂ္ဂဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်းက ယခုလတွင် အဆိုပါအစီအစဉ်သည် ဥရောပသမဂ္ဂ နှင့် တရုတ်အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမည့် ကိုယ်ကျိုးစီးပွား ကာကွယ်ပေးရေးဝါဒဆီသို့ ရွေ့လျားသွားကြောင်း ပြောကြားခဲ့သည်။
Ref- CNA
