◾️ လယ်ယာသုံးစက်ကိရိယာ ချေးငွေကိုလည်း ကျပ်သိန်း ၃,၀၀၀ နှင့်အထက် ထုတ်ချေးပေးမည်
◾️ စိုက်ပျိုးစရိတ်ချေးငွေများကို ယခုမိုးရာသီစိုက်ပျိုးချိန်အမီ လာမည့် မေလ ၁၂ ရက်မှစတင်၍ ထုတ်ချေးပေးမည်

၂၄. ၄. ၂၀၂၆
Written by Nyein Kyaw
ယခုနှစ်မိုးရာသီမှစတင်၍ စိုက်ပျိုးစရိတ် ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) အတွက် လက်ရှိချေးငွေ၏ နှစ်ဆဖြစ်သည့် တစ်ဧက ကျပ်သုံးသိန်းအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသော အတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်မည့်အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း Quick Win ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေတိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်လည်းပါဝင်ရာ ချေးငွေအတိုးနှုန်းကို ယခင်အတိုင်း ပြောင်းလဲမှု မရှိဘဲ ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ချေးငွေတိုးမြှင့်ထုတ်ရေးရာတွင် သီးနှံအမျိုးအစားအလိုက် နှုန်းထားသတ်မှတ်ပြီး တစ်ဧကလျှင် စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) အတွက် လက်ရှိ ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိလည်းကောင်း၊ အခြားသီးနှံ (၁၈) မျိုးအတွက် လက်ရှိ ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိလည်းကောင်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်များအတွက် လက်ရှိ ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိလည်းကောင်း တိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်သည်။
ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့်စက်မှုလုပ်ငန်း (Agro-based Industry) ကို တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များ လိုအပ်သော လယ်ယာသုံးစက်ကိရိယာများကို သက်သာသော အတိုးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် တန်ဖိုးနည်းလက်တွန်းထွန်စက်၊ ရေစုပ်စက်၊ ရေတင်စက်မှအစ တန်ဖိုးမြင့်မားသော အခြောက်ခံစက်(Dryer)၊ သိုလှောင်ရုံ(Silo)၊ ဆန်စက်များ စသည့်လယ်ယာသုံးစက်ကိရိယာများကို အတိုးနှုန်း ၆ ရာခိုင်နှုန်းဖြင့် ချေးငွေပမာဏ ကျပ်သိန်း ၃,၀၀၀ အထိတစ်ကဏ္ဍ၊ ကျပ်သိန်း ၃,၀၀၀ အထက်တစ်ကဏ္ဍ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်သည်။
၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မိုးရာသီစိုက်ပျိုးချိန်အမီ လာမည့် မေလ ၁၂ ရက်မှ စတင်၍ ထုတ်ချေးမည်ဖြစ်ရာ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးနှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေများရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများသို့ အမြန်ဆုံးဆက်သွယ်ကြရန် အသိပေးအကြောင်းကြားထားသည်။
ပုံစာ- ယခင်နှစ်များတွင် တောင်သူလယ်သမားများအား စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့မှုကို တွေ့ရစဉ်
