
၂၄. ၄. ၂၀၂၆
Written by Nyein Kyaw
လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ ရှိပြီဖြစ်သဖြင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များအား ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအရှိန်အဟုန်ကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ပိုမိုထိရောက်သော လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်နှင့် ရရှိပြီးဆွေးနွေးမှုရလဒ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) အဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ညှိနှိုင်းရေးကော်မတီကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
ယခင် NCA အရ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် UPDJC ၊ JMC တို့ဖြင့် ဖွဲ့စည်းထားရှိပြီး ToR၊ SOP တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ JMC တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်ပါရှိသဖြင့် JMC အရပ်သားကိုယ်စားလှယ်များနှင့် JMC-TSC တို့ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများအား လိုအပ်သူများထံသို့ ရရှိအောင်ဆောင်ရွက် ပေးလျက်ရှိကြောင်း ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိတွင် ရွေးကောက်ခံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ ရှိပြီဖြစ်သဖြင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် UPDJC၊ JMC လုပ်ငန်းစဉ်များအား ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌက ပြောကြားသည်။
