
◾️ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်း တစ်လီတာ ကျပ် ၂,၆၀၀ ကျော်ဖြင့် လုပ်ငန်းခွင်အရောက် ရောင်းချပေးပြီးနောက် ဒီဇယ်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်
၂၄. ၄. ၂၀၂၆
Written by Nyein Kyaw
တစ်လီတာ ကျပ် ၆၄၀၀ မှ ကျပ် ၇၇၀၀ ကျော်အထိ မြင့်တက်ခဲ့သော ဒီဇယ်ဆီဈေးနှုန်း ယနေ့တွင် ကျပ် ၅၇၀၀ မှ ကျပ် ၇၀၀၀ ကျော်သို့ ပြန်လည်ကျဆင်းလာခဲ့သဖြင့် တစ်လီတာ ကျပ် ၇၅၀ ဝန်းကျင် ကျဆင်းလာကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဧပြီ ၂၃ ရက် ယမန်နေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၄၇၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၄၉၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၆၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၇၇၅၅ ကျပ်အထိ မြင့်တက်ခဲ့သည်။
ထို့ကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ချိန်နှင့် နှိုင်းယှဉ်ပါက နှစ်လအတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၅၀၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၉၀၀ မှ ၄၉၀၀ ကြားအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေချိန် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်း တစ်ဂါလန် ကျပ် ၁၀,၀၀၀ (တစ်လီတာ ကျပ် ၂,၆၀၀ ကျော်)ဖြင့် လုပ်ငန်းခွင်အရောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရောင်းချပေးခဲ့သည်။
ယင်းကဲ့သို့ ရောင်းချပေးခဲ့ပြီးနောက် ယနေ့တွင်မူ ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၅၇၂၅၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၀၁၂ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သဖြင့် ဒီဇယ်တစ်လီတာ ၇၃၃ ကျပ်မှ ၇၄၃ ကျပ်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဓာတ်ဆီဈေးနှုန်းများလည်း အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပြီး တစ်လီတာ ကျပ် ၆၀ ဝန်းကျင် ကျဆင်းခဲ့သည်။
