သက်တံ့
၂၄. ၄. ၂၀၂၆
မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော အဆောက်အအုံဝင်းကြီးတစ်ခုကို စီမံခန့်ခွဲပြီး အလုပ်သမားများကို ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုများတွင် အတင်းအကျပ် ပါဝင်ခိုင်းစေခဲ့သည်ဟူသော စွဲချက်ဖြင့် တရုတ်နိုင်ငံသား နှစ်ဦးကို အမေရိကန်ပြည်ထောင်စုတွင် တရားစွဲဆိုလိုက်ကြောင်း ဝါရှင်တန်ဒီစီရှိ ဖော်ထုတ်လိုက်သည့် တရားရုံးမှတ်တမ်းများအရ သိရသည်။
ဖက်ဒရယ်တရားရုံးတွင် တင်သွင်းထားသော တိုင်ကြားချက်အရ သံသယရှိသူများဖြစ်သည့် ဟွမ်ရှင်းရှန်း (Huang Xing Shan) နှင့် ကျန်းဝမ်ကျယ် (Jiang Wen Jie) တို့ကို ကြေးနန်းဆက်သွယ်ရေးဖြင့် လိမ်လည်ရန် ပူးပေါင်းကြံစည်မှု (Wire Fraud Conspiracy) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ စက်မှုလုပ်ငန်းအသွင်ယူ လုပ်ကိုင်နေသော Shunda Park အဆောက်အအုံဝင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာ့လက်နက်ကိုင်တပ်ဖွဲ့များက သိမ်းဆည်းခြင်းမပြုမီ စီမံခန့်ခွဲခဲ့ကြသူများဖြစ်သည်ဟု စွပ်စွဲခံထားရသည်။
မြန်မာ-ထိုင်း နယ်စပ်အနီးတွင် အွန်လိုင်းလိမ်လည်မှုကျားဖြန့်စင်တာများ အလွန်အမင်း တိုးပွားလာခဲ့သည်။ မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းက ထိုလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကတိပြုထားသော်လည်း ယင်းလုပ်ငန်းများမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း AP သတင်းဌာနက ဖော်ထုတ်တွေ့ရှိထားသည်။
ဝါရှင်တန်တွင် တရားစွဲဆိုခံထားရသည့် သံသယရှိသူနှစ်ဦးလုံးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအစိုးရ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေကြောင်း တရားရုံးမှတ်တမ်းက ဆိုသည်။ ၎င်းတို့သည် ကမ္ဘောဒီးယားရှိ အခြားလိမ်လည်မှုစင်တာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသော်လည်း ယခုနှစ်အစောပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စွဲချက်များဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့ကို အမေရိကန်သို့ မည်သည့်အချိန်တွင် လွှဲပြောင်းကာ တရားစွဲဆိုမည်ကိုမူ မသိရသေးပေ။
FBI အေးဂျင့်များသည် ရွှန်ဒါ (Shunda) ဝင်းအတွင်းမှ သိမ်းဆည်းရမိသော အီလက်ထရွန်နစ်ပစ္စည်း ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီး အလုပ်သမားဟောင်းအချို့ကိုလည်း မေးမြန်းခဲ့သည်။ လိမ်လည်သူများသည် ဥပဒေစိုးမိုးရေးအရာရှိများ သို့မဟုတ် ဘဏ်ဝန်ထမ်းများအဖြစ် ဟန်ဆောင်ကာ၊ တရားဝင် ရင်းနှီးမြှုပ်နှံမှု ပလလက်ဖောင်းများကဲ့သို့ အတုအယောင် ဝက်ဘ်ဆိုဒ်များကို အသုံးပြု၍ ကမ္ဘာတစ်ဝှမ်းရှိ သားကောင်ဖြစ်သူများကို ခရစ်ပတိုငွေကြေးများ ပေးပို့လာအောင် လှည့်ဖျားခဲ့ကြကြောင်း FBI အေးဂျင့်၏ ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်။
ဝါရှင်တန်ရှိ သတင်းစာရှင်းလင်းပွဲတွင် အဆိုပါစွဲချက်များကို ကြေညာခဲ့သည့် အမေရိကန်ရှေ့နေ Jeanine Pirro က ရွှန်ဒါဝင်းတွင် ကျူးလွန်ခဲ့သည့် လိမ်လည်မှုအမျိုးအစားသည် ဆိုင်ဘာရာဇဝတ်မှုများအနက် အလျင်မြန်ဆုံး တိုးတက်လာပြီး ငွေကြေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်စေသည့် ပုံစံဖြစ်ကာ အမေရိကန်နိုင်ငံသားများ၏ ဒေါ်လာဘီလျံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။
“ဒါက စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူး။ သင့်အိမ်နီးချင်းတွေ၊ သင့်သူငယ်ချင်းတွေနဲ့ သင့်မိဘတွေရဲ့ အငြိမ်းစားယူစုဆောင်းငွေတွေကို ထိခိုက်နေတာပါ။ သားကောင်ဖြစ်ရသူအချို့ဟာ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ဒါဟာ စီးပွားရေးဆိုင်ရာ လူသတ်မှု (Economic Homicide) ပါပဲ” ဟု Pirro က ဆိုသည်။
ထို့အပြင် အဆောက်အအုံဝင်းအတွင်းရှိ အလုပ်သမားများက ၎င်းတို့သည် မိမိတို့ဆန္ဒမပါဘဲ ထိန်းသိမ်းခံထားရပြီး အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ခံရကာ လိမ်လည်မှုများတွင် အတင်းအကျပ် ပါဝင်ခဲ့ရကြောင်း FBI ကို ပြောကြားခဲ့သည်။
“ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေဟာ မသိနားမလည်တဲ့သူတွေကို လစာကောင်းတဲ့ နည်းပညာအလုပ်တွေပေးမယ်လို့ မြှူဆွယ်ပြီး အနီးနားက ထိုင်းနိုင်ငံကို လာဖို့ ဆွဲဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ လူအများအပြားဟာ ထိုင်းကိုရောက်တဲ့အခါ သူတို့ရဲ့ မှတ်ပုံတင်အထောက်အထားတွေ အသိမ်းခံရပြီး မြန်မာနိုင်ငံက လိမ်လည်မှုစင်တာတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံကြရတာပါ” ဟု FBI ၏ ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်။
အွန်လိုင်း တရားရုံးမှတ်တမ်းများအရ တရားခံများဖြစ်သည့် ဟွမ် နှင့် ကျန်း တို့အတွက် မည်သည့်ရှေ့နေကိုမျှ စာရင်းသွင်းထားခြင်း မရှိသေးပေ။
Pirro က အာဏာပိုင်များသည် လိမ်လည်မှုနှင့် ဆက်စပ်နေသော ဝက်ဘ်ဆိုက် ရာပေါင်းများစွာကို ဖြုတ်ချနိုင်ခဲ့ပြီး ကမ္ဘောဒီးယားရှိ အဆောက်အအုံတစ်ခုသို့ လူကုန်ကူးရန် သားကောင်များကို စုဆောင်းရာတွင် အသုံးပြုသည့် Telegram ချန်နယ်တစ်ခုကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ထပ်လောင်းကြေညာခဲ့သည်။
“ဒီရာဇဝတ်ကောင်တွေက သူတို့ဟာ နိုင်ငံရပ်ခြားမှာရှိနေလို့ သူတို့ကို ဘယ်သူမှ မထိနိုင်ဘူးလို့ ထင်နေကြတာပါ။ ဒီနေ့မှာတော့ သူတို့မှားကြောင်း ကျွန်မတို့ သက်သေပြလိုက်ပါပြီ၊ ဒါဟာ အစပဲ ရှိပါသေးတယ်” ဟု Pirro က ပြောကြားခဲ့သည်။
Photo : KIC
Ref : AP Via Washington Post
