သက်တံ့
၂၄. ၄. ၂၀၂၆
နည်းပညာထိပ်သီးကုမ္ပဏီကြီးများဖြစ်သော Meta နှင့် Microsoft တို့သည် ၎င်းတို့၏ တိုးတက်မှုကို အရှိန်မြှင့်တင်ရန်အတွက် AI (ဉာဏ်ရည်တု) နည်းပညာတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေစဉ် ဝန်ထမ်းအင်အား ထောင်ပေါင်းများစွာကို လျှော့ချမည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့သည်။
Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီ Meta က လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန် ဝန်ထမ်းအင်အား၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၈,၀၀၀ ခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ထမ်းများထံ ပေးပို့သော အကြောင်းကြားစာတွင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ကုမ္ပဏီ၏ အခြားသော လုပ်ငန်းအစိတ်အပိုင်းများတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် Meta အနေဖြင့် လုပ်ငန်းပြန်လည်ပြင်ဆင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လစ်လပ်နေသော အလုပ်အကိုင်နေရာ ၆,၀၀၀ ခန့်ကိုလည်း ထပ်မံဖြည့်စွက်ခြင်းမပြုဘဲ ထားရှိမည်ဟု ဆိုသည်။
AI နည်းပညာနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် ပြိုင်ဘက်များကို ရင်ပေါင်တန်းနိုင်ရန်အတွက် Meta အနေဖြင့် အရင်းအနှီး အသုံးစရိတ်များကို စံချိန်တင် တိုးမြှင့်ထားစဉ် ယခုကဲ့သို့ ဝန်ထမ်းလျှော့ချမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Meta ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်သည် Chatbots များနှင့် Large Language Models (LLMs) အပါအဝင် AI ထုတ်ကုန်အသစ်များကို ပံ့ပိုးပေးနိုင်မည့် ကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေများကို အပြင်းအထန် သုံးစွဲရန် လက်ရှိအချိန်တွင် ဦးဆောင်နေခြင်းဖြစ်သည်။
Hargreaves Lansdown မှ အကြီးတန်း ရှယ်ယာပိုင်းဆိုင်ရာ လေ့လာဆန်းစစ်သူ Matt Britzman က “Meta မှာ ဝန်ထမ်းတွေ ထပ်မံလျှော့ချမယ်ဆိုတဲ့ သတင်းဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ပါဝင်ပတ်သက်သူအားလုံးအတွက် စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ဒါကို လုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတစ်ခုလို့ ယူဆသင့်ပါတယ်။ ထိပ်တန်း AI ကျွမ်းကျင်သူတွေအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေချိန်မှာ တခြားနေရာတွေမှာ လူအင်အား လျှော့ချတာဟာ နောက်ထပ်တိုးတက်မယ့် လမ်းကြောင်းကို ဖော်ဆောင်ပေးမယ့်သူတွေအပေါ် ပိုပြီး အာရုံစိုက်လာတာကို ပြနေတာပါ” ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် Microsoft ကုမ္ပဏီသည်လည်း ၎င်း၏ ဝန်ထမ်းအင်အားကို လျှော့ချရန်အတွက် မတူညီသော ချဉ်းကပ်မှုတစ်ခုကို ကျင့်သုံးခဲ့ပြီး “မိမိသဘောဆန္ဒအလျောက် အငြိမ်းစားယူခြင်း” (Voluntary Redundancy) အစီအစဉ်ကြီးတစ်ခုကို စတင်ခဲ့သည်။
Microsoft အနေဖြင့် မေလအစောပိုင်းတွင် အမေရိကန်ရှိ ဝန်ထမ်းအင်အား၏ ၇ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၈,၇၅၀ ခန့်ကို အဆိုပါ အငြိမ်းစားယူမည့် ကမ်းလှမ်းချက်များ ပြုလုပ်ရန် စီစဉ်ထားသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုလုံးသည် လာမည့်အပတ်တွင် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှု နောက်ဆုံးအခြေအနေများကို ရင်းနှီးမြှုပ်နှံသူများထံ အစီရင်ခံ တင်ပြသွားမည် ဖြစ်သည်။
Ref : The Standard
