၃၀. ၁၂. ၂၀၂၅
MT News Editorial
မြန်မာ့စီးပွားရေးသည် လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း မကြုံစဖူးသော အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပေသည်။ ပြည်တွင်းရှိ လုပ်ငန်းရှင်ကြီးငယ်များသည် ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် လုပ်ငန်းများ မပြတ်တောက်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေကြရသော်လည်း တစ်ဖက်တွင်မူ နိုင်ငံ၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီးကာ စီးပွားရေးယန္တရားကြီးတစ်ခုလုံး ပြိုလဲစေမည့် “အလုံးစုံ ပျက်သုဉ်းရေး” လမ်းစဉ်များနှင့် ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်း အစရှိသည့် NUG၊ PDF နှင့် EAOs တို့၏ အကြမ်းဖက်ဖျက်ဆီးမှုများက ကုန်စျေးနှုန်းအဆမတန်မြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွခြင်းများဖြစ်ပေါ်စေခဲ့ကာ လုပ်ငန်းရှင်များနှင့် ပြည်သူတို့၏ တည်ငြိမ်သော လူနေမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့ပေသည်။
ထိုအခြေအနေများကြားမှ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ ပထမအဆင့် အောင်မြင်မှုနောက်တွင် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအဆင့်ဆင့်ကို ဇန်နဝါရီ ၂၅ ရက်တွင် အဆုံးသတ်ကာ အခြေခံဥပဒေအရပင် လွှတ်တော်ခေါ်ယူခြင်းနှင့် အနိုင်ရပါတီမှ အစိုးရဖွဲ့ခြင်းတို့ကို ဖေဖော်ဝါရီလကုန်နှင့် မတ်လအတွင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့နောက် ဧပြီလဆန်းတွင် အာဏာလွှဲပြောင်းပေးနိုင်သည့် အခြေအနေဖြစ်ရာ ၂၀၂၆ ခုနှစ်၊ ဧပြီလဆန်းတွင် တာဝန်ယူလာမည့် ရွေးကောက်ခံအစိုးရသစ်၏ အခန်းကဏ္ဍမှာ နီးကပ်လာပြီဖြစ်သကဲ့သို့ အလွန်လည်း အရေးပါလှပေသည်။
အစိုးရသစ် တာဝန်ယူမည့် ဤကာလသည် နိုင်ငံ၏ စီးပွားရေးယန္တရားကို ပြန်လည်နှိုးဆော်ရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ မြှင့်တင်ရန်အတွက် အလွန်အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်သည်။ စီးပွားရေး ပြန်လည်နာလန်ထူရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုနှင့် ဘက်ပေါင်းစုံမှ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရသစ်အနေဖြင့် ရွေးကောက်ပွဲအပြီး ဖော်ဆောင်မည့် မူဝါဒများသည် လုပ်ငန်းရှင်များအတွက် လက်တွေ့ကျပြီး ခိုင်မာသော အာမခံချက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက အလေးအနက် မျှော်လင့်နေကြသည်ကိုလည်း ကြားသိရပေသည်။
စီးပွားရေး ပြန်လည်နာလန်ထူရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ နိုင်ငံတော် တည်ငြိမ်ရေးနှင့် အေးချမ်းရေးပင် ဖြစ်သည်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် ပြည်သူများက လက်တွဲညီညီဖြင့် နိုင်ငံတော် ပြန်လည်ထူထောင်ရန် ကြိုးပမ်းမည့်အချိန်တွင် NUG၊ PDF နှင့် EAOs တို့အနေဖြင့် စီးပွားရေး အဆောက်အအုံများကို ပစ်မှတ်ထား ဖျက်ဆီးနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကို အဟန့်အတားပြု ဖျက်ဆီးတိုက်ခိုက်နေခြင်းနှင့် “အလုံးစုံ ပျက်သုဉ်းရေး” ကို ဦးတည်သည့် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု ကြံရွယ်နေကြခြင်းမှာ နိုင်ငံ၏ အနာဂတ်ကို ထပ်မံ ဖျက်ဆီးခြင်းပင် ဖြစ်သည်။
မည်သည့် နိုင်ငံရေး ရည်မှန်းချက်မျိုး ရှိစေကာမူ မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်စေသော၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးသော အကြမ်းဖက်လုပ်ရပ်များကို စီးပွားရေးအသိုင်းအဝိုင်းနှင့် ပြည်သူတို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိသည်။ လက်နက်ကိုင် ပဋိပက္ခများက နိုင်ငံကို ဆင်းရဲတွင်းနက်စေရုံသာမက ကျွမ်းကျင်လုပ်သားများ ပြည်ပသို့ ထွက်ခွာကုန်ကြသဖြင့် နိုင်ငံ၏ အနာဂတ်ကို ပိုမို မှောင်မိုက်စေခဲ့သည်။
ထို့ကြောင့် အစိုးရသစ် တက်လာမည့် ၂၀၂၆ ဧပြီလသည် တည်ငြိမ်အေးချမ်းသော လမ်းစသစ်တစ်ခု ဖြစ်သင့်ပါသည်။ တပ်မတော်မှ ကမ်းလှမ်းထားသည့် ငြိမ်းချမ်းရေး လမ်းစကို အသုံးချကာ အကြမ်းဖက်ဖျက်ဆီးမှုများကို ရပ်တန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးမှုများဖြင့်သာ အဖြေရှာရန် လိုအပ်နေပေသည်။ နယ်မြေဒေသများ အမြန်ဆုံး အေးချမ်းလာမှသာလျှင် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်ပွင့်ကာ ကုန်စျေးနှုန်းကျဆင်းပြီး စီးပွားရေး ပြန်လည် ဦးမော့လာနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် လာမည့် ၂၀၂၆ ဧပြီမှစတင်၍ ရွေးကောက်ခံအစိုးရ၊ တပ်မတော်၊ လုပ်ငန်းရှင်များနှင့် ပြည်သူများ၏ စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ပြန်လည် တည်ဆောက်ကြရတော့မည်ဖြစ်သည်။ ထိုအခြေအနေကောင်းကို ပြည်သူလူထုက မျှော်လင့်နေကြသဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလလုံး အလုံးစုံပျက်သုဉ်းရေးမူဝါဒဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်ပျက်ပြားစေအောင် လုပ်ဆောင်ခဲ့သည့် NUG၊ PDF နှင့် EAOs လက်နက်ကိုင်များအနေဖြင့် မည်သည့် အကြမ်းဖက်ဖျက်ဆီးမှုမျိုးကိုမဆို ရပ်တန်းကရပ်တန့်ကာ အပြုသဘောဆောင်သော လက်တွဲဆောင်ရွက်မှုများဖြင့်သာ မြန်မာ့စီးပွားရေးကို ဝိုင်းဝန်းမြှင့်တင်ပေးကြပါရန် MT News က လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
