◾️ ထိုကာလတူအတွင်း အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနှင့် ပစ္စည်းများ စုစုပေါင်း ၇၅၉၈ ခုပါ ပျက်စီးဆုံးရှုံးခဲ့ရ






နေမိုး
၃၀. ၁၂. ၂၀၂၅
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ် များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ပြီး ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) တွင် ပြောကြားသည်။
အစည်းအဝေးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုသည် နိုင်ငံရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်း (Global Terrorism Index-GTI) အစီ ရင်ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်သည် သမားရိုးကျ နည်းလမ်းများမှ နည်းပညာမြင့်မားသည့် Hybrid ပုံစံသို့ ကူးပြောင်းလာနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ Non-State Actor များသည် Drone များကို ပိုမိုအသုံးပြုလာကြောင်း၊ မိမိနိုင်ငံတွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများသည် Drone နည်းပညာဖြင့် အရပ်သား ပစ်မှတ်များကို တိုက်ခိုက်ခြင်း၊ အခြေခံအဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင် နေသည့်အပြင် ဆိုက်ဘာနယ်ပယ်ကို အသုံးပြု၍ ဝါဒဖြန့်ခြင်း၊ ရန်ပုံငွေရှာခြင်းတို့ကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ပြောကြားသည်။





ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ကို ဆန့်ကျင်ရှုတ်ချသူများကိုသာမက မထောက်ခံသူများ၊ အေးချမ်းစွာ နေထိုင်လိုသူများကိုလည်း ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံစွပ်စွဲ သတ်ဖြတ်ခဲ့ကြသဖြင့် ရဟန်းသံဃာများ၊ သီလရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေး၊ အထွေထွေ အုပ်ချုပ်ရေးစသည်တို့အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သာမန်ပြည်သူများ ထောင်နှင့်ချီပြီး အသက်ဆုံးရှုံးခဲ့ရပြီး ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အဆောက်အအုံနှင့် ပစ္စည်းများ စုစုပေါင်း ၇၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံး ခဲ့ကြောင်းနှင့် ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ပုံစာ။ PDF တို့ ဆုံရွာပြည်သူ ၃၀ ကျော် သတ်ဖြတ်ထားမှု၊ သံဃာတစ်ပါးနှင့် လူတစ်ဦးသတ်လိုက်ကြောင်း KRF ဝန်ခံချက်နှင့် PDF တို့ သတ်ဖြတ်ထားသော လက်နက်မဲ့ ပြည်သူများ ပုံရိပ်။
