၃၀.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပခဲ့သည့် ၁၀၂ မြို့နယ်တွင် ကနဦး ၄၂ မြို့နယ်၏ မဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီက ၉၀ ရာခိုင်နှုန်း အနိုင်ရရှိထားပြီး ဦးခင်ရီအပါအဝင် ထင်ရှားသည့် ကိုယ်စားလှယ်လောင်းများ အားလုံးအနိုင်ရရှိထားကြောင်း မဲဆန္ဒနယ်အလိုက် အနိုင်ရရှိမှုအခြေအနေ ရလဒ်ဇယားအရ သိရသည်။
အဆိုပါ ၄၂ မြို့နယ်၏ မဲဆန္ဒနယ်အလိုက် အနိုင်ရရှိမှုအခြေအနေဇယားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၇ မြို့နယ်တွင် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်လောင်းများအားလုံးအနိုင်ရရှိထားကြောင်း သိရသည်။
၎င်းအနိုင်ရရှိသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားကိုယ်စားလောင်း ဦးမြတ်ဟိန်း၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေတို့ ပါဝင်ကြောင်း သိရသည်။








ထို့ပြင် တပ်မတော်အရာရှိကြီးရာထူးမှ အငြိမ်းစားယူ၍ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံလည်း အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ဆက်လက်၍ လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေကြပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လေင်း ဦးမောင်မောင်အုန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ သက်ခိုင်ဝင်းတို့လည်း အနိုင်ရရှိခဲ့ကြောင်း သိရည်။
ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အပါအဝင် လွှတ်တော်အရပ်ရပ်အနိုင်ရရှိထားသည့် မြို့နယ်များမှာ ဘော်လခဲ၊ ဘားအံ၊ မြ၀တီ၊ သံတောင်ကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကော့သောင်း၊ ဘုတ်ပြင်း၊ နတ်တလင်း၊ လက်ပံတန်း၊ ချောက်၊ ရေခံချောင်း၊ ပခုက္ကူ၊ ပွင့်ဖြူ၊ မင်းဘူး၊ အောင်လံ၊ ညောင်ဦး၊ ပြင်ဦးလွင်၊ ချမ်းအေးသာစံ၊ မော်လမြိုင်၊ သထုံ၊ ကမာရွတ်၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံ၊ မအူပင်၊ မြောင်းမြ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ ဒက္ခိဏသီရိ လယ်ဝေး၊ တပ်ကုန်းတို့ဖြစ်ကြပြီး တောင်တွင်းကြီးမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်၊ ချောင်းဆုံမြို့နယ်တွင် ပြည်နယ်လွှတ်တော်၊ လင်းခေးမြို့နယ်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိထားကြောင်း သိရသည်။
ဆက်လက်၍ ကျန် ၄ မြို့နယ်တွင် တစညပါတီက တောင်တွင်းကြီးမြို့နယ်နှင့် ကြံခင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ မွန်ညီညွှတ်ရေးပါတီက ချောင်းဆုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ဟိုပုံးမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကျားဖြူပါတီက လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်တို့၌ အနိုင်ရရှိထားကြောင်း သိရသည်။
