◾ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကလည်း ယင်းဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် အလွန်ဒေါသထွက်ကြောင်း ပြောကြား
၃၀.၁၂.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်ကို ယူကရိန်း ဦးဆောင်သော တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်အပေါ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီက စိုးရိမ်ပူပန်မှု ဖော်ပြခဲ့ပြီး သံတမန်ရေးသည် ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော ယုံကြည်စိတ်ချရသည့် လမ်းကြောင်းဖြစ်ပါကြောင်း ဒီဇင်ဘာလ ၃၀ ရက်တွင် အလေးပေးပြောကြားခဲ့သည်။
မိုဒီက ထွက်ပေါ်လာသည့် သတင်းများကြောင့် ဆက်လက်ဖြစ်ပွားနေသော ရန်လိုမှုများကြားတွင် တင်းမာမှုများ ပိုမိုဆိုးရွားလာနိုင်သည့် အခြေအနေများအပေါ် အလွန်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
လူမှုကွန်ရက် X တွင် ပို့စ်တစ်ခု၌ ဝန်ကြီးချုပ်က “ရုရှားဖက်ဒရေးရှင်းသမ္မတ၏ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်မှုဆိုင်ရာ သတင်းများကြောင့် အလွန်စိုးရိမ်မိပါသည်။ လက်ရှိ သံတမန်ရေး ကြိုးပမ်းမှုများသည် ရန်လိုမှုများကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ပေးဆောင်ပါသည်။ သက်ဆိုင်ရာအားလုံးသည် ဤကြိုးပမ်းမှုများကို အာရုံစိုက်ရန်နှင့် ၎င်းတို့ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်လုပ်ဆောင်ချက်များကိုမဆို ရှောင်ရှားရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။” ဟုရေးသားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယူကရိန်းအစိုးရသည် ရုရှားနိုင်ငံ နိုဗိုဂိုရော့ဒ်ဒေသရှိ ဗလာဒီမာပူတင်၏ နိုင်ငံတော်နေအိမ်ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောခဲ့အပြီး တစ်ရက်အကြာတွင် မိုဒီက ဤသို့ ပြောခဲ့ခြင်းဖြစ်သည်။ ဆာဂေးလက်ဗ်ရော့ဗ်က ဤလုပ်ရပ်သည်ညှိနှိုင်းဆွေး နွေးမှုများအတွက် ရုရှား၏ ချဉ်းကပ်မှုကို ထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့သည်။
အစောပိုင်းတွင် စစ်ဘေးသင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းရန် ကြိုးပမ်းနေသော အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကလည်း ယင်းဖြစ်ရပ်အပေါ် ၎င်းအနေဖြင့် အလွန်ဒေါသထွက်ကြောင်း ပြောကြားကာ တုံ့ပြန်ခဲ့သည်။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ခေါင်းဆောင်နှစ်ဦးအကြား ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ရုရှားသမ္မတ ပူတင်က စွပ်စွဲခံရသော တိုက်ခိုက်မှုအကြောင်း ၎င်းအား ပြောပြခဲ့သည်ဟု ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထရမ့်ပ်က “သူတို့က ထိုးစစ်ဆင်နေတော့ စော်ကားရာရောက်တယ် ယူဆတာက တစ်ပိုင်းပါ။ အခုလိုသူ့အိမ်ကို တိုက်ခိုက်တာက နောက်တစ်ပိုင်းပါ။ အဲဒါမျိုးတွေ လုပ်ဖို့ အချိန်မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
“သမ္မတပူတင်ဆီကနေ ကျွန်တော် ဒီအကြောင်းကို သိခဲ့ရပြီး အရမ်းဒေါသထွက်ခဲ့တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယူကရိန်းသည် ဒီဇင်ဘာ ၂၈ ရက်ည ၂၉ ရက်သို့အကူးအချိန်တွင် ပူတင်၏နေအိမ်ကိုတိုက်ခိုက်ရန် တာဝေးပျံသန်းတိုက်ခိုက်နိုင်သော မောင်းသူမဲ့လေယာဉ် ၉၁ စင်း ပစ်လွှတ်ခဲ့ကြောင်း လက်ဗ်ရော့ဗ်က ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်ကို မဆင်မခြင်လုပ်ဆောင်မှုအဖြစ် ဖော်ပြခဲ့ကာ တုံ့ပြန်မှုမရှိဘဲ မနေနိုင်ကြောင်း ပြောခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
မောင်းသူမဲ့လေယာဉ်အားလုံးကို ရုရှားလေကြောင်းကာကွယ်ရေးများက ကြားဖြတ်ဖျက်ဆီးခဲ့ကြောင်း လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။ လက်ဗ်ရော့ဗ်က ထိုတိုက်ခိုက်မှုသည် နိုင်ငံတော်အကြမ်းဖက်မှုနှင့် ညီမျှကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဖြစ်ရပ်ဖြစ်ပွားချိန်တွင် သမ္မတပူတင်သည် နေအိမ်တွင် ရှိနေခြင်း ရှိ၊ မရှိကို ချက်ချင်းမသိရသေးပေ။
Ref-Hindustan Times
