◾️ AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့သလို AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သော အမှု ၉ မှု ပါဝင်
◾️ ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုပါ သိရှိရ
နေမိုး
၃၀. ၁၂. ၂၀၂၅
ရခိုင်အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် ကြီးထွားကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်လုပ်ရန် ဓာတုဆေးဝါးမှောင်ခိုတင်သွင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်သိုလှောင်ခြင်း၊ ပြည်တွင်း၌ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာမူးယစ်ရာဇာများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။

AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့ပါကြောင်းနှင့် AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သော အမှု ၉ မှု ပါဝင်ပါကြောင်း၊ ထွက်ဆိုချက်များအရ အဖမ်းခံရ သူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ မူးယစ်ဆေးဝါးမှရရှိသော အကျိုးအမြတ်များအနက် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရာတွင် အသုံးပြုကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာ လက်နက်မှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်ပြီး လက်နက်ခဲယမ်းနှင့် စိတ်ကြွဆေးပြား လဲလှယ်ခြင်းအပါအဝင် ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်းစသည့် နိုင်ငံဖြတ်ကျော် မှုခင်းများကိုလည်း ကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ထို့အတူ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေပါကြောင်း၊ ၂၀၂၅ ခုနှစ်၏ နိုင်ငံတကာနှင့် ဒေသတွင်း ဖြစ်စဉ်များအရ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏ စစ်ဆင်ရေး စရိတ်နှင့် လက်နက်ဝယ်ယူရန်ငွေကြေးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ အဓိကရရှိကြခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုမှ ရရှိသော ငွေများကို Crypto-currency အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ခြေရာဖျောက် ခဝါချပြီးနောက် အဆိုပါငွေများအား အကြမ်းဖက်လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း၊ အဆိုပါမှုခင်းများသည် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်နေခြင်းဖြစ်သဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များ၏ အဓိက သော့ချက်သည် သတင်းအချက်အလက်မျှဝေခြင်းနှင့် ဥပဒေကြောင်းအရ အပြန်အလှန် အကူအညီပေးခြင်းတို့ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီ ပေးရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး ဥပဒေနှင့်အညီ ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဥပဒေများနှင့်အညီ ဖွဲ့စည်းထားပြီးဖြစ်သော ဗဟိုအဖွဲ့များအနေဖြင့် အပြန်အလှန်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ဖမ်းမိ မူးယစ်ကုန်ကူးသူများအနေဖြင့် AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ခိုင်းစေချက်များအရ လုပ်ကိုင်ရသည်ဟုလည်း ထွက်ဆိုထားပြီး ထို ၂၄ ကြိမ် မူးယစ်ဆေးဖမ်းမိမှုမှပင် ကျပ်ဘီလျံ ၁၅၀၀ ဝန်းကျင်ရှိခဲ့သလို ကြီးမားသောဝင်ငွေတိတိပပမရှိဘဲ အချိန်တိုအတွင်း အင်အား ၄၀၀၀၀ ခန့်အထိ ကြီးထွားလာသော AA အဖွဲ့၏ အသုံးစရိတ်နှင့် စစ်ရေးအသုံးစရိတ်များကို ချိန်ဆပါက AA အဖွဲ့၏ မူးယစ်ဆေးဖြန့်ချိနေမှုမှာ မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးအခြေအနေဖြစ်ဖွယ် ရှိနေသည်ဟုလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

