၂၀. ၁၂. ၂၀၂၅
MT News Editorial
ယနေ့ ကမ္ဘာ့အခင်းအကျင်းတွင် ဒီမိုကရေစီ အောင်လံများ လွှင့်ထူနိုင်ရန် လက်နက်ကိုင် ကြိုးပမ်းကြသည့် နိုင်ငံများစွာသည် နာကျင်ဖွယ်ရာ သင်ခန်းစာများကို ကိုယ်စီ ရရှိထားကြပြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဖြတ်သန်းခဲ့ရသော ကမ္ဘာ့သမိုင်းစာမျက်နှာများတွင် ဒီမိုကရေစီ နောက်ပြန်လှည့်ခြင်း (Democratic Backsliding) လှိုင်းလုံးများနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး (Armed Revolution) များ၏ အကျိုးဆက်သည် နိုင်ငံသားတို့အတွက် မည်မျှအထိ ရင်းနှီးပေးဆပ်ရကြောင်း ပြည်သူသိန်းချီ အသက်ဆုံးရှုံးဘဝပျက်ခဲ့ရသော မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများက သက်သေ ပြသနေပေသည်။
အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့၏ အောင်မြင်မှုသည် နှစ်ပေါင်း ၂၀ ကြာ သွေးချောင်းစီးခဲ့ရသည့် ရလဒ်ဖြစ်သော်လည်း ယနေ့ ထိုနိုင်ငံသည် ကမ္ဘာ့ဖယ်ကြဉ်ခြင်းခံရကာ အမျိုးသမီးတို့၏ အခွင့်အရေးမှာ မီးစာကုန် ဆီခမ်းခဲ့ပြီဖြစ်သည်။ ဆီးရီးယားတွင်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်နက်ကိုင်တိုက်ပွဲများက နိုင်ငံကို လူသူမရှိသော သုသာန်တစပြင်သဖွယ် ပြောင်းလဲပစ်ခဲ့သည်။ ဆူဒန်၏ ပြည်တွင်းစစ်သည်လည်း အာဏာကို လက်နက်ဖြင့် ရယူရန် ကြိုးပမ်းမှုမှတစ်ဆင့် ပြည်သူသန်းပေါင်းများစွာကို အငတ်ဘေးဆိုက်စေခဲ့သည်။ ဤဖြစ်ရပ်များက ပေးသော ထင်ရှားသည့် သတိပေးချက်မှာ လက်နက်ကိုင်တော်လှန်ရေးဟူသည် “ရန်သူကို အနိုင်ရစေနိုင်သော်လည်း၊ နိုင်ငံကိုမူ ပျက်စီးစေသည်” ဟူသောအချက်ပင် ဖြစ်သည်။
လက်နက်ကိုင် လမ်းစဉ်ဖြင့် ရယူသော အောင်မြင်မှုအပြီးတွင် နိုင်ငံမှာ ပြာပုံအတိ ဖြစ်နေခဲ့လျှင်၊ ထိုပြာပုံပေါ်တွင် လွှင့်ထူလိုက်သည့် ဒီမိုကရေစီအလံသည် မည်သည့်အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်သလို နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ကင်းမဲ့ခြင်းနှင့်အတူ စီးပွားရေး နာလန်မထူနိုင်သည့် အကျိုးဆက်များကိုသာ ခံစားရမည်မှာ မုချဖြစ်ပေသည်။ ပြိုပျက်သွားသော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် လွယ်ကူသော်လည်း၊ ကြေမွသွားသော လူ့ကျင့်ဝတ်များနှင့် မျိုးဆက်တစ်ခုလုံး၏ ပညာရေး၊ လူနေမှုဘဝများကို ပြန်လည်ကုစားရန်မှာ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုနီးပါး အချိန်ယူရတတ်ပေသည်။
စစ်ပွဲများကြောင့် ဆုတ်ယုတ်ပျက်စီးခြင်းလမ်းပေါ်ရောက်လာပြီး ကျရှုံးနိုင်ငံဖြစ်စပြုလာသည့် မြန်မာ နိုင်ငံအတွက် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၏ ဖြစ်စဉ်သည် အကောင်းဆုံး လမ်းပြမြေပုံတစ်ခု ဖြစ်သင့်ပေသည်။ ၁၉၉၈ ခုနှစ်တွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီးနောက် အင်ဒိုနီးရှားသည် ရုတ်ချည်း ပေါက်ကွဲထွက်သည့် သွေးထွက်သံယို တော်လှန်ရေးထက်၊ နိုင်ငံရေးအရ ဆွေးနွေးမှုနှင့် အဆင့်ဆင့် ပြုပြင်ပြောင်းလဲခြင်း (Evolution) လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ၎င်းတို့သည် စစ်တပ်၏ အခန်းကဏ္ဍကို နိုင်ငံရေးမှ စနစ်တကျ ဖယ်ထုတ်ခြင်း၊ ရွေးကောက်ပွဲ ယန္တရားကို ခိုင်မာအောင် တည်ဆောက်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း (Decentralization) တို့ဖြင့် တည်ငြိမ်သောအပြောင်းအလဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ထိုနည်းလမ်းကြောင့်ပင် အင်ဒိုနီးရှားသည် ယနေ့ အရှေ့တောင်အာရှတွင် အင်အားကြီး ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျွန်ုပ်တို့နိုင်ငံ၏ လက်ရှိအနေအထားသည်လည်း လက်နက်ကိုင်အားပေးမှုများထက် နိုင်ငံရေးအရ အရွေ့တစ်ခုကို ဖန်တီးနိုင်မည့် Evolution လမ်းစဉ်ကို အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်နေပါသည်။ တိုက်ပွဲများကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေရခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေသည်။ စစ်ပွဲနှင့် လက်နက်ကိုင် လမ်းစဉ်သည် ခါးသီးသော အမုန်းတရားများကိုသာ မျိုးစေ့ချပေးမည်ဖြစ်ပြီး၊ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော “သည်းခံခွင့်လွှတ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း” ကို ဝေးကွာစေပါသည်။ လက်နက်ကိုင်ခြင်းသည် ဖျက်ဆီးခြင်းအတွက် လွယ်ကူသော်လည်း၊ တည်ဆောက်ခြင်းအတွက်မူ ရွေးကောက်ပွဲနှင့် နိုင်ငံရေးယဉ်ကျေးမှုကသာ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ပါသည်။
အနှစ်ချုပ်ရသော်၊ ကျွန်ုပ်တို့ လိုလားတောင့်တသော ဒီမိုကရေစီသည် လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို လေးစားသော၊ ဖွံ့ဖြိုးတိုးတက်သော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန်မှာ သွေးချောင်းစီး တော်လှန်ရေးထက်၊ ပြည်သူကို ဗဟိုပြုကာ နိုင်ငံကို မပျက်စီးစေဘဲ စနစ်တကျ ပြုပြင်ပြောင်းလဲမည့် Evolution လမ်းစဉ်သည်သာ အမြော်အမြင်အရှိဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။ မိမိတို့နိုင်ငံ ကြေမွမသွားမီ ရွေးကောက်ပွဲနှင့် နိုင်ငံရေးအရွေ့ကို အခြေခံသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်ကိုလည်း MT News သတင်းဌာနက တိုက်တွန်းနှိုးဆော်လိုပါသည်။
