၇.၅.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ထူပါရုံ(၁)ရပ်ကွက်၊ ထူပါရုံ (၄)လမ်းတွင် မေလ ၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော နေအိမ်နှစ်လုံး မီးလောင်မှုအတွင်း အိမ်ရှင်အမျိုးသားမီးလောင်သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တွင် ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲ ထွန်းရာမှ ကော်ဇောနှင့်အဝတ်များကို မီးကူးကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးငြီမ်းသတ်သူများက နေအိမ်အတွင်း ငြှိမ်းသတ်၍ ရှာဖွေရာမှ မီးလောင်သေဆုံးသော အသက် ၅၅ နှစ်အရွယ် ဦးဝင်းဌေးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် သေဆုံးခဲ့သူကို အောင်နိုင်သူလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးပြီး လူသေဆုံးမှုကြောင့် အသက် ၅၈ နှစ်အရွယ် ဇနီးဖြစ်သူ အိမ်ရှင် ဒေါ်စိုးစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅၊ ၃၀၄-ကဖြင့် သာကေတမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
